ညောင်ဦး   ဒီဇင်ဘာ   ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကူရွာအုပ်စု၊ တောင်ရှေ့ကျေးရွာ၌ ဒီဇင်ဘာ ၁၇ ရက် ည ၉ နာရီခန့်က မီးလောင်မှုကြောင့် အိမ်အချို့ဆုံးရှုံးခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။

မီးလောင်မှုဖြစ်ပွားသည့် ညောင်ဦးမြို့ မီးသတ်စခန်း၏ တောင်ဘက် ၈ မိုင်ခန့်အကွာ ကူရွာအုပ်စု၊ တောင်ရှေ့ကျေးရွာသို့ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူးနှင့် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၁)၊ အမှတ်(၄)၊ အမှတ်(၅) အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ ခရိုင်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် နှစ်စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက်မီး ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၆ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ တောင်ရှေ့ကျေးရွာရှိ ဦးဇော်မြင့် နေအိမ်တွင် ဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများဖြင့် အိမ်မကြီးအမိုးနှင့် ကပ်လျက်သွယ်တန်းထားသော လေးပေ မီးချောင်း အပူလွန်ကဲရာမှ လောင်ကျွမ်းခြင်းဖြစ်ပြီး ဦးစိန်ဖိုး ပိုင်ဆိုင်သော လူမနေသည့် အိမ်တစ်လုံး၊ ဦးသင်းကိုကို ပိုင်ဆိုင်သော နှစ်ထပ် နေအိမ်တစ်လုံးနှင့် ပဲဂိုဒေါင်တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့သည်။  ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်စေခဲ့သူ ဦးဇော်မြင့်အား ညောင်ဦး မြို့မရဲစခန်းက(ပ)၁၀၄/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)