ညောင်ဦးမြို့နယ်အတွင်း ဆောင်းမြေပဲစိုက် တောင်သူများ မိုးရွာသွန်းမှုကြောင့် အထွက်နှုန်းကောင်းနိုင်ဟုဆို

ညောင်ဦး  ၈  ဇန်နဝါရီ

 

ညောင်ဦးမြို့နယ်တွင် မြစ်ဝကျွန်းပေါ် မြေနုကျွန်းများနှင့် မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးသည့် ဆောင်းမြေပဲများ စိုက်ပျိုးလျက်ရှိရာ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်မှုများကြောင့် မြေပဲအထွက်နှုန်း ကောင်းနိုင်ကြောင်း တောင်သူများထံမှ သိရသည်။

 

“ယခုရက်ပိုင်း မိုးရွာလာတာ တော်တော်ဟန်ကျတာဘဲဗျ။ ဒီအချိန်မှာ မြေပဲခင်းက စိုက်ပြီး ၄၅ ရက်ရှိနေပြီဆိုတော့ အပွင့်ပွင့်တော့မည့် အချိန်နဲ့ အချိန်ကိုက်ပါ။ လွှတ်ကြားလည်း တိုက်ပြီးပြီဆိုတော့ အချိန်ကိုက်ပါပဲ။ ဒါပေမယ့် ဒီမိုးက ဆောင်းမြေပဲစိုက်တဲ့ သူတွေအနေနဲ့ အဆင်ပြေပေမယ့် စပါးရိတ်သိမ်းတဲ့ သူတွေအတွက် အဆင်မပြေကြဘူး၊ ဆောင်းမြေပဲစိုက်တဲ့ တောင်သူတွေအနေနဲ့တော့ အထွက်နှုန်း ကောင်းနိုင်ဖို့ရှိပါတယ်” ဟု အောက်ညဉ့်ကျေးရွာ ဆောင်းမြေပဲစိုက် တောင်သူ ကိုခိုင်လွင်က ပြောသည်။

 

အလားတူ ညောင်ဦးမြို့နယ်အတွင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းနှင့် အကျိုးတူ ပူးပေါင်းလျက်ရှိသော ဆင်းပဒေသာ မြေပဲမျိုး ဧက ၃၁ ဧကနှင့် ဒေသမြေပဲမျိုး ဧက ၅၀ဝ ကျော်ခန့် စိုက်ပျိုးထားရာ ယခုရက်ပိုင်း မိုးရွာခဲ့ခြင်းကြောင့် မြေပဲအထွက်နှုန်း ကောင်းနိုင်ကြောင်း ကျွန်းကျေးရွာများရှိ ဆောင်းမြေပဲစိုက် တောင်သူများထံမှ သိရသည်။

 

ကျော်ဌေး(ညောင်ဦး)