ညောင်ဦး ဇန်နဝါရီ ၉
မန္တလေးတိုင်းဒသကြီး ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာနှင့် သုမင်္ဂလာပရဟိတရေလှူအဖွဲ့က ကျေးရွာနေပြည်သူများ သောက်သုံးရေ ဖူလုံစေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ လိုအပ်နေသော ကျေးရွာနေပြည်သူများကို ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ပရဟိတရေလှူအဖွဲ့မှ နာယကဆရာတော် အရှင်သာဂရ ထံက သိရသည်။
ထိုသို့ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးရာတွင် သောက်သုံးရေအခက်ကြုံနေသော ညောင်ဦးမြို့နယ် နပ္ပလင်ကျေးရွာ ဒေသခံပြည်သူများအတွက် သောက်သုံးရေဂါလန် ၃၂၀၀ ၊ ပနီတွင်းကျေးရွာ ဒေသခံ ပြည်သူများအတွက် သောက်သုံးရေဂါလန် ၃၂၀၀ ၊ ဆယ်လံကျေးရွာဘုန်းတော်ကြီးကျောင်းအတွက် သောက်သုံးရေဂါလန် ၁၆၀၀ ၊ စုစုပေါင်း သောက်သုံးရေဂါလန် ၈၀၀၀ ကို ပွင့်လင်းရာသီကာလ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရန် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့သည်။
ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာနှင့် သုမင်္ဂလာပရဟိတရေလှူအဖွဲ့အနေဖြင့် ပွင့်လင်းရာသီကာလ မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဒေသခံပြည်သူများ သောက်သုံးရေအခက်အခဲများ ရင်ဆိုင်ကြုံတွေ့ နေရကြောင်းသိရ၍ သောက်သုံးရေ အခက်အခဲမဖြစ်စေရေးအတွက် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ လိုအပ်နေသောကျေးရွာများ ၊ တဲတိုက်များ ၊ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာစာသင်ကျောင်းများကို စဉ်ဆက်မပြတ် လှူဒါန်းပေးနေကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)