ညောင်ဦး ၁၀ မတ်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၂၀ ခန့်ရှိရာ အဆိုပါ ကျေးရွာများရှိ ဒေသခံကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေရှားပါးပြတ်လပ်မှုများ ကြုံတွေ့ပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်းထံမှ သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ယခု ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ညောင်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများ နွေရာသီကာလ သောက်သုံးရေဖူလုံစေရေးအတွက် အဝီစိ စက်ရေတွင်း (၇)တွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် မြေသားရေကန် အသစ်ပြန်လည်တူးဖော်ခြင်း လုပ်ငန်း(၂)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်နေသည့်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ နှစ်စဉ် သောက်သုံးရေရှားပါးမှုများ ကြုံတွေ့နေရသည့်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဘဏ္ဍာရေးနှစ်အလိုက် ဌာနခွင့်ပြုရန်ပုံငွေများဖြင့် စက်ရေတွင်းများ တူးဖော်ပေးခြင်းနှင့် မြေသားရေကန်များ ပြုပြင်တူးဖော်ပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာနေပြည်သူများ သောက်သုံးရေစနစ်တကျ သုံးစွဲရေးနှင့် ရေအရင်းအမြစ်များ စနစ်တကျ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အချက်အလက်များကိုလည်း ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရေး ကွင်းဆင်းပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယခုနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေပြတ်လပ်မှုများ ကြုံတွေ့လာပါက အချိန်နှင့် တစ်ပြေးညီ ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ၊ ဖုန်း ၀၆၁ - ၂၄၆၁၂၆၇ သို့ လည်းကောင်း ၊ မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်း ၊ ဖုန်း - ၀၉-၂၁၃၁၈၄၉ သို့ လည်းကောင်း ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )