ညောင်ဦး ၁၇ ဇွန်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်အတွင်းရှိ တောင်သူများ မွေးမြူထားရှိသည့် ကျွဲ ၊ နွား တိရစ္ဆာန်များ ခွါနာလျှာနာရောဂါ ကင်းဝေးစေရန်အတွက် ဇွန်လ ၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ စီမံကိန်းကာလ သတ်မှတ်ပြီး ကျေးရွာအရောက် အခမဲ့ ခွါနာလျှာနာရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အဖွဲ့ ( ၄ ) ခွဲ၍ ကွင်းဆင်းထိုးနှံပေးခဲ့ရာ ညောင်ဦးမြို့နယ်အတွင်း စီမံကိန်းဝင်ကျေးရွာပေါင်း ( ၆၄ ) မှ ကျွဲ နွားကောင်ရေပေါင်း ၇၉၅၃ ကောင်အား ကွင်းဆင်းထိုးနှံပေးနိုင်ခဲ့ကြောင်း အဆိုပါ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်းထံမှ သိရသည်။

“ကျွန်တော်တို့ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ရဲ့ ပံ့ပိုး ကူညီမှုနဲ့ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၄ ရွာကို ကျွဲ၊ နွား ခွာနာလျှာနာကာကွယ်ဆေးထိုး စီမံကိန်းကို ယခုလ ၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ စီမံကိန်းကာလ သတ်မှတ်ပြီးတော့ ကျေးရွာ အရောက်ကွင်းဆင်းပြီး ကာကွယ်ဆေးများ အခမဲ့ ထိုးနှံ ဆောင်ရွက်ပေးခဲ့ပါတယ်။ အဆိုပါ စီမံကိန်းကို မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၄ မြို့နယ်မှာ တစ်ပြိုင်နက်တည်း ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်မှာ ဒီစီမံကိန်းကို ၂၀၁၆ နှစ်ကုန် ပိုင်းက စတင်ခဲ့တာဖြစ်ပြီး ယခုအကြိမ်အနဲ့ဆိုရင် ခွာနာလျှာနာ ကာကွယ်ဆေးထိုး စီမံကိန်းပြုလုပ်တာ ၆ ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။ ယခုဆိုရင် စီမံကိန်းဝင်ကျေးရွာ ၆၄ ရွာမှာရှိတဲ့ နွားအကောင်ရေ ၇၉၅၃ ကောင်ကို ခွာနာလျှာနာ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးတဲ့ နွားတွေကိုလည်း ထိုးနှံပြီးကြောင်း သိရအောင် တစ်ပါတည်း ( Ear Tag )နားကပ်အမှတ်အသား တပ်ဆင်ခြင်းကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါတယ် ဟု ညောင်ဦးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာအောင်လင်း၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)