ညောင်ဦး ၁၈ မတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ဒေသခံပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရန်နှင့် သွားနှင့် ခံတွင်းရောဂါဝေဒနာ ခံစားနေရသည့် လူနာများအား အနီးကပ် ကျန်းမာရေးပြုစုကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ မန္တလေးမြို့၊ ရွှေတောင်ဦးအာယုဒါန သွားအထူးကု ဆေးခန်းမှ ဒေါက်တာဝင်းမောင်မောင် - ဒေါက်တာခင်လဲ့လဲ့တို့ ဦးဆောင်သော မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆရာဝန်အသင်း(မန္တလေးတိုင်း)မှ သွားနှင့် ခံတွင်းအထူးကုဆရာဝန်များအဖွဲ့က မတ် ၁၈ ရက်၊ ယနေ့နံနက် ၉ နာရီက ညောင်ဦးမြို့၊ အောင်မြေသာရပ်ကွက်ရှိ အောင်မြေသာဘုန်းတော်ကြီးကျောင်းတိုက်တွင် ယာယီဆေးခန်းဖွင့်လှစ်ပြီး ညောင်ဦးမြို့နယ်အတွင်းရှိ သွားနှင့် ခံတွင်းရောဂါဝေဒနာရှင်များကို အခမဲ့ ဆေးဝါးကုသမှုများ ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း ညောင်ဦးမြို့၊ မြတ်ဒါနအောက်ဆီဂျင်အခမဲ့နှင့် လူမှုကူညီရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သွားနှင့် ခံတွင်းရောဂါဝေဒနာအခမဲ့ ဆေးဝါးကုသနိုင်ရေး အတွက် ညောင်ဦးမြို့၊ အောင်မြေသာကျောင်းတိုက်ဆရာတော် ဦးသာသနက ဦးဆောင်၍ ညောင်ဦးမြို့၊ မြတ်ဒါန အောက်ဆီဂျင်အခမဲ့နှင့် လူမှုကူညီရေးပရဟိတအသင်းဥက္ကဋ္ဌ ဦးခိုင်လင်းမောင်နှင့် ပရဟိတအသင်းအဖွဲ့သားများက လူနာများဆေးကုသရာတွင် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ အခမဲ့ သွားနှင့်ခံတွင်းရောဂါ ဆေးဝါးကုသခြင်းကို မန္တလေးမြို့ ၊ ရွှေတောင်ဦးသွားအထူးကုဆေးခန်းမှ ဒေါက်တာဝင်းမောင်မောင် - ဒေါက်တာခင်လဲ့လဲ့ တို့ ဦးဆောင်သော သွားနှင့်ခံတွင်းဆရာဝန်များအဖွဲ့က မတ် ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သုံးရက်တိုင်တိုင် ဒေသခံပြည်သူများကို သွားနှင့် ခံတွင်းရောဂါဝေဒနာများ အခမဲ့ ကုသ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဆေးဝါးကုသရန် စာရင်းပေးသွင်းထားသည့် လူနာဦးရေ ၅၀ဝ ဦးခန့် ရှိကြောင်း ညောင်ဦးမြို့ အောင်မြေသာ ကျောင်းတိုက်မှ ဆရာတော် ဦးသာသနထံမှ သိရသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို သွားနှင့် ခံတွင်းရောဂါဝေဒနာများ အခမဲ့ ဆေးဝါးကုသပေးရာတွင် မတ် ၁၆ ရက်နေ့မှ ၁၈ ရက်အထိ သုံးရက်အတွင်း သွားနှင့် ခံတွင်းလူနာ ၄၄၅ ဦး ကုသပေးနိုင်ခဲ့ပြီး ကုသပေးမှု လူနာများမှာ သွားအထွေထွေရောဂါ ကုသပေးသည့် လူနာ ၃၈၅ ဦး ၊ သွားတုတပ်ပေးသည့် လူနာ ၆၀ ဦး ၊ စုစုပေါင်း ၄၄၅ ဦး အား အခမဲ့ ဆေးဝါးကုသပေးနိုင်ခဲ့ကြောင်း ညောင်ဦးမြို့၊ မြတ်ဒါနအောက်ဆီဂျင်အခမဲ့နှင့် လူမှုကူညီရေးပရဟိတအသင်း ဥက္ကဋ္ဌ ဦးခိုင်လင်းမောင် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)
