ညောင်ဦး ၅ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ယမ်းစမ်းကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာရှိ ဒေသခံကျေးလက်နေ ပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် MiMipon Philanthrapy ပရဟိတအသင်းမှ ဇန်နဝါရီ ၃၁ ရက်နေ့မှ စတင်ကာ လေးလက်မ စက်ရေတွင်းတစ်တွင်း တူးဖော်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် ယမ်းစမ်းကျေးရွာအုပ်စု ရွာသာအေးကျေးရွာသည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသတွင် ပါဝင်နေသည့်အတွက် ကျေးရွာနေပြည်သူများ နှစ်စဉ်သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ ယခုနှစ်တွင် အလှူရှင် MiMipon Philanthrapy ပရဟိတအသင်းက ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ဝဇီရာသဘကျောင်းတိုက်ဆရာတော် ဦးပညာသီရိ၏ ဦးဆောင်မှုဖြင့် လေးလက်မ စက်ရေတွင်းအား လာရောက်တူးဖော်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

 

mdn

 

ကျေးရွာနေပြည်သူများ သန့်ရှင်းသော မြေအောက်ရေ ဖူလုံစွာရယူသုံးစွဲနိုင်ရေးအတွက် စက်ရေတွင်းတူးဖော်ရန် မြေနေရာအား ရွာသာအေးကျေးရွာရှိ ဦးသန်းဝင်းစိုး- ဒေါ်ခင်ဌေး မိသားစုက မတည်လှူဒါန်းပေးကာ MiMipon Philanthrapy ပရဟိတအသင်းမှ အဖွဲ့ခေါင်းဆောင် ဦးမောင်မြင့် ဦးဆောင်သော ပရဟိတအသင်းအဖွဲ့သားများက မြေအောက်အနက်ပေ ၇၀ဝ ခန့် တူးဖော်၍ အကျယ်အဝန်း ၁၀ ပေ ပတ်လည်ရှိ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ လှူဒါန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ MiMipon Philanthrapy ပရဟိတအသင်းက ညောင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေတဲ့ ကျေးရွာတွေကို ဆက်သွယ်ပြီး စက်ရေတွင်းတွေ တူးဖော်လှူဒါန်းပေးနေတဲ့ ပရဟိတအသင်းဖြစ်ပါတယ်။ ညောင်ဦးမြို့နယ်မှာရှိတဲ့ ကျေးရွာတွေတော်တော်များများမှာ ကျေးလက်နေပြည်သူတွေဟာ သောက်သုံးရေ ရှားပါးမှု ကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေရတယ်ဆိုတာ သိရလို့ ယခုလို လာရောက်တူးဖော်လှူဒါန်းပေးခြင်း ဖြစ်ပါတယ်။ စက်ရေတွင်းတွေ တူးဖော်လှူဒါန်းပေးတဲ့အပြင် ချွတ်ယွင်းပျက်စီးနေတဲ့ စက်ရေတွင်းများကိုလည်း ပြန်လည်ကောင်းမွန်အောင် ပြုပြင်လှူဒါန်းပေးပါတယ်။ ကျေးရွာတွေအတွက် အဓိကလိုအပ်နေတဲ့အရာက သောက်သုံးရေ ရရှိဖို့ဖြစ်ပါတယ်။ ဒါမှာသာ ကျေးရွာနေပြည်သူတွေဟာ အဓိကစီးပွားဖြစ်လုပ်ကိုင်ကြတဲ့ တောင်သူလုပ်ငန်းခွင်ကို စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ကိုင်ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ အမှန်တကယ် သောက်သုံးရေရှားပါးတဲ့ ကျေးရွာတွေကို ယခုလို စက်ရေတွင်း တူးဖော်လှူဒါန်းခွင့်ရရှိတဲ့အတွက်လည်း အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။ ယခု တူးဖော်လှူဒါန်းတဲ့ ညောင်ဦးမြို့နယ်၊ ယမ်းစမ်းကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာမှာဆိုရင်လည်း အိမ်ခြေ ၁၅၀ ကျော်၊ လူဦးရေ ၁၀ဝ၀ ကျော်ခန့် ရှိပါတယ်။ ကျေးရွာမှာ စက်ရေတွင်းမရှိတဲ့အတွက် နွေရာသီရောက်ပြီဆိုတာနဲ့ ဒေသခံပြည်သူတွေ သောက်သုံးရေ အခက်ကြုံတွေ့ နေကြရပါတယ်။ ဒါ့ကြောင့် ကျေးရွာနေပြည်သူတွေ ရာသီမရွေး သောက်သုံးရေဖူလုံစေရေးအတွက် ကျွန်တော်တို့ MiMipon Philanthrapy ပရဟိတအသင်းက ဆရာတော်ကြီး ဦးပညာသီရိ ၏ ဦးဆောင်မှုနဲ့ မြေအောက်အနက်ပေ ၇၀ဝ ရှိ လေးလက်မ စက်ရေတွင်း တူးဖော်ပြီး အကျယ်အဝန်း ၁၀ ပေ ပတ်လည်ရှိတဲ့ ရေစက်ရုံအပါအဝင် ဆက်စပ်ပစ္စည်းများကို လှူဒါန်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု အဆိုပါ MiMipon Philanthrapy ပရဟိတအသင်းမှ အဖွဲ့ခေါင်းဆောင် ဦးမောင်မြင့်က ပြောပြသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)