ပုဂံ ၃၀ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်သည် ကျေးရွာအုပ်စု ၉၁ အုပ်စု ကျေးရွာပေါင်း ၂၂ဝ ရှိပြီး ဒေသခံပြည်သူများမှာ စိုက်ပျိုးရေး၊မွေးမြူများကိုလုပ်ကိုင်ကြသလို မိမိတိုတတ်ကျွမ်းသော လက်မူပညာ များဖြင့် တောင်ယာသုံးပစ္စည်း များ၊ ပန်းချီ၊ ပန်းပုများကို ပြုလုပ်ရောင်းချလျက်ရှိပြီး လက်မူပညာတစ်ခုဖြစ်သော ပုသိမ်ထီးအလှဆင် ရောင်းချနေသော ဆိုင်များကိုမူ နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားစွာဖြင့် လာရောက် လေ့လာကြသည်။
''ကျွန်တော်တို့ ပုဂံညောင်ဦးဒေသဟာ ရှေဟောင်းအမွေအနှစ်များစွာ တည်ရှိတဲ့မြို့နယ် ဖြစ်တာကြောင့် နေ့စဉ် ဘုရားဖူးခရီးသွား ပြည်သူများ၊ နိုင်ငံခြားသား ခရီးသွားများက ပုဂံညောင်ဦးဒေသကို လာရောက်လေ့လာကြ ပါတယ်။ လာရောက်တဲ့အခါ ဒီဒေသထွက် ပစ္စည်းများကို ဝယ်ယူလေ့လာ တတ်ကြပါတယ်။ ကျွန်တော် ရောင်းချနေတဲ့ ပုသိမ်ထီးများကိုလည်း လာရောက်လေ့လာကြသူများပါတယ်။ ဘုရားဖူးဧည်သည်တွေ၊ နိုင်ငံခြားသား ဧည့်သည်တွေ အများဆုံးလာရောက် လေ့လာကြတော့ ရောင်းအားကောင်းပါတယ်။ တချို့ နိုင်ငံခြားသားများဟာ ပုသိမ်ထီးများနဲ့ပါ အလှဓာတ်ပုံများရိုက်ကူးကြတယ်။ ပုဂံညောင်ဦးမှာရှိတဲ့ မြန်မာ့ရိုးရာ ပစ္စည်းဆိုင်များ အရောင်းအဝယ်ကောင်းပါတယ်'' ဟု ပုသိမ်ထီး အလှဆင်ရောင်းချနေသော ဆိုင်ရှင် ကိုနိုင်လင်း က ပြောသည်။
အဆိုပါ ပုသိမ်ထီးများကို ထီးအမျိုးအနေနှင့်မြန်မာအခေါ်(ဆီထီး)လို့ ခေါ်ပြီး အရိပ်ရထီးလို့လည်း ခေါ်ကြောင်း၊ အများအခေါ်အိမ်တော်ရာထီး၊ ပုသိမ်ထီးဖြစ်ကြောင်း၊ တင်ပို့ရောင်းချမူအနေဖြင့် ဧရာဝတီကမ်းခြေနှင့် နီး သည့်အတွက် ဟိုတယ်ဇုန်တွေကလည်း အလှဆင်ထားသည့် ပုသိမ်ထီးတွေကို လာရောက်ဝယ် ယူတာများကြောင်း၊ ပုဂံညောင်ဦးဒေသမှာရှိသည့် စားသောက်ဆိုင် ဟိုတယ်များတွင် အများဆုံး ပုသိမ်ထီးများကို တွေ့မြင်နိုင်ကြောင်း သိရသည်။
ပုသိမ်ထီးဈေးမှာ ပုသိမ်ထီးအသေးအကြီးတစ်လတ်ကို ကျပ် ၃ဝဝဝ မှ ကျပ် ၇ဝဝဝဝ အထိရှိပြီး ရောင်းအား အကောင်းဆုံးလမှာ နှစ်စဉ် ၃ လပိုင်းကနေ ၁ဝ လပိုင်းအထိရှိကြောင်း သိရသည်။
ပုဂံယဉ်ကျေးမှုဇုံဒေသသို့ ယခုနှစ် အစပိုင်းမှစတင်၍ ခရီးသွားနိုင်ငံခြားသားများမှာ ယခင်နှစ်များထက် ပိုမို ဝင်ရောက်လျက်ရှိပြီး လာရောက်သည်အခါ ဇုန်ဝင်ကြေးအနေဖြင့် တစ်ဦးလျင် မြန်မာငွေကျပ် ၂၅၀ဝ၀ ပေးဆောင်ရကြောင်း သိရသည်။
ကျော်ကျော်(မလှိုင်)
