ညောင်ဦး       ဇန်နဝါရီ        ၈
    
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ မီးလောင်မှု အကြိမ်ရေ စုစုပေါင်း ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူနေအိမ် ၈၇ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၄၁ ဒသမ ၈၈၂ သန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံက သိရသည်။ 
    
အဆိုပါ မီးလောင်မှုဖြစ်စဉ်များတွင် ပေါ့ဆမှုကြောင့် ၄ ကြိမ် ၊ ရှို့မီးကြောင့် ၅ ကြိမ် ၊ မီးဖိုမီးကြောင့် ၃ ကြိမ် ၊ လျှပ်စစ်မီးကြောင့် ၃ ကြိမ်နှင့် အလိုအလျောက်မီးကြောင့် ၁ ကြိမ် ၊ စုစုပေါင်း ၁၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ယခင် ၂၀၂၁ ခုနှစ်ထက် ယခု ၂၀၂၂ ခုနှစ်တွင် (၃)ကြိမ် ပိုမိုဖြစ်ပွားခဲ့ကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအနေဖြင့်လည်း ငွေကျပ် ၃၀ ဒသမ ၉၃၂ သန်းခန့် ပိုမိုထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 
    
ထို့အပြင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ၁၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များ အနေဖြင့် မိုးသက်လေပြင်းကျရောက်မှုများကြောင့် သစ်ပင်လဲ လမ်းပိတ်ဆို့မှု ၅ ကြိမ် ၊ သစ်ပင်လဲနေအိမ်ပေါ်သို့ပိခြင်း     ၇ ကြိမ်  ၊ လေပြင်းတိုက်ခတ်၍ နေအိမ်များအမိုးလန်ပျက်စီးမှု ၂ ကြိမ် ဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုအနေဖြင့် လူနေအိမ်    ၆ လုံး ပြိုလဲပျက်စီးခြင်း ၊ လူနေအိမ် ၇ လုံး အမိုးလန်ပျက်စီးခြင်းနှင့် ဘုရားစေတီထီးတော် မြေခပျက်စီးခြင်း ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၊ ၎င်းအပြင် ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှုအနေဖြင့် ယာဉ်တိုက်မှု ၈ ကြိမ်နှင့် ရေနစ်ပျောက်ဆုံးမှု ၂ ကြိမ် တို့ ဖြစ်ပွားခဲ့ကြောင်း သိရကာ ယင်း ဖြစ်စဉ်များကြောင့် ဒဏ်ရာရပြည်သူ ၂၁ ဦး ၊ သေဆုံးသူ ၉ ဦး ၊ စုစုပေါင်း ၃၀ ဦး တို့ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၍ ကျန်းမာရေးဆေးဝါးကုသမှုများ ပြုလုပ်နိုင်ရန်အတွက်  သန္ဓေ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
    
ရဲဝင်းနိုင် ( ညောင်ဦး )