ညောင်ဦး ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြစ်ရေတင်ဖြင့် အိန္ဒိယငရုပ်မျိုးစိုက်ပျိုးလျက်ရှိရာ ငရုပ်သီးစိမ်းတစ်ပိဿာ တစ်ထောင်ကျပ်ရောင်းချရခြင်းကြောင့် တောင်သူများအဆင်ပြေနေကြောင်း ငရုပ်စိုက်တောင်သူများထံက သိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု၊ အထက်ဉာဉ့်အုပ်စု၊ သူကောင်းတည်ကျေးရွာအုပ်စု များသည် မြစ်ရေတင်ဖြင့် လည်းကောင်း၊ မြေအောက်ရေတူးဖော်၍လည်းကောင်း သီးနှံအမျိုးမျိုးစိုက်ပျိုးကြရာ သီးနှံပေါ်ချိန် ဈေးနှုန်းကောင်းနိုင်သည့် သီးနှံများရွေးချယ်စိုက်ပျိုးကြရာ ယခုနှစ်တွင် အိန္ဒိယငရုပ်မျိုးဖြစ်သည့် မျှားနီတံဆိပ် ငရုပ်မျိုးနှင့် အိန္ဒိယပက်လက်ငရုပ်မျိုးများ တောင်သူအများစု စိုက်ပျိုးကြကြောင်း သိရသည်။
ငရုပ်မျိုးကို တော်သလင်းလ၊ သီတင်းကျွတ်လတွင် ပျိုးထောင်ကြကာ ပျိုးထောင်ပြီး ရက်ပေါင်း ၄၅ ရက်ရှိလျှင် ယာခင်း၊ ကိုင်းခင်းထဲသို့ ရွေ့ပြောင်းစိုက်ပျိုးကြကြောင်း၊ ငရုပ်မျိုးစေ့ပျိုးထောင်ရာတွင် အိတ်တစ် အိတ်မျိုးစေ့(ပျိုး)တစ်စေ့နှုန်းဖြင့် ပျိုးထောင်ကြကာ အိန္ဒိယမျှားနီငရုပ်မျိုးတစ်ထုပ်လျှင် မျိုးစေ့ အစေ့ တစ်ထောင်ပါကြောင်း၊ ငါးထောင်ကျပ်ပေးရကာ အိန္ဒိယပက်လက်ငရုပ်မျိုး တစ်ထုပ်လျှင် တစ်ထောင်ကျပ် ပေးရကာ မျိုးစေ့လေးရာခန့်ပါကြောင်း၊ ယာထဲ၊ ကိုင်းကျွန်းထဲရွေ့စိုက်ပြီးချိန် နှစ်လခွဲခန့်အကြာတွင် အပွင့်အသီးသီးကာ သုံးလခန့်တွင် ခူးဆွတ်ရောင်းချရကြောင်း၊ ယခုစိုက်ပျိုးထားတဲ့မျိုးကို မိုးထောင်မျိုးလို့လည်း ခေါ်သေးကြောင်း(အရပ်အခေါ်) သိရသည်။
မြစ်ရေတင် ငရုပ်စိုက်တောင်သူများနှင့် မြေအောက်ရေတူးဖော်ကာစိုက်ပျိုးသည့် ငရုပ်မျိုးသည် အပြွတ်လိုက်သီးကာ မိုးပေါ်ထောင်သီးနေကြောင်း၊ သီးတာကတော့ အတော်ကြီးသီးကြောင်း၊ ငရုပ်သီး အမှည့်ဈေးကတော့ ဘယ်ဈေးဆိုတာမသိရသေးကြောင်း၊ ငရုပ်နောက်ပိုင်းသီးအား မျိုးသီးအဖြစ် အမှည့်ထား ကြသော်လည်း ဒုတိယမျိုးဆက်အသီးသေးငယ်ကာ ပထမမျိုးဆက်စိုက်သလောက် အသီးမသီးသောကြောင့် ငရုပ်သီးမှည့်မျိုးမယူကြဘဲ အမှည့်သာဆွတ်ခူးပြီး ရောင်းချကြကြောင်း၊ လက်ပံခြေပေါ်အုပ်စု ရွာသစ်ကုန်း ကျေးရွာမှ ငရုပ်စိုက်တောင်သူ ဦးကျော်ဟန်ဦး ပြောကြားသည်။
အဆိုပါ ငရုပ်စိုက်တောင်သူများသည် ငရုပ်သီးများလှိုင်လှိုင်သီးချိန် နတ်တော်လပြည့်ကျော်မှ တပေါင်းလ၊ တန်ခူးလထိ ငါးရက်တစ်ကြိမ် ခူးဆွတ်ရောင်းချရကြောင်း စိုက်ခင်းကျယ်ကျယ်သလို ငရုပ်အထွက်များ ကြောင်းသိရကာ ငရုပ်သီးခူးသမတစ်ဦးလျှင် တစ်နေကုန် သုံးထောင်ကျပ် ပေးငှားရသည်။ ထွက်ရှိလာသည့် ငရုပ်သီးများအား ပခုက္ကူဈေးကွက်၊ မြင်းခြံဈေးကွက်နှင့် ညောင်ဦးဈေးသို့ ရောင်းချခြင်းနှင့် ငရုပ်သီးပွဲစားများ ရွာထိလာရောက်ဝယ်ယူကြကြောင်း၊ ငရုပ်သီးတစ်ပိဿာ တစ်ထောင်ဈေးအောက် မကျရောက်နိုင်ကြောင်း၊ အတက်ဈေးသာရှိနိုင်ကြောင်းနှင့် ငရုပ်စိုက်တောင်သူများလိုချင်သည့် ဈေးနှုန်းရရှိခြင်းကြောင့် ငရုပ်စိုက် တောင်သူများ အဆင်ပြေကြောင်း ဦးကျော်ဟန်ဦး ထံက သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


