ညောင်ဦး ၄ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် အဘိုးအဘွားများအား နိုင်ငံတော်မှ ၂၀၁၉ ခုနှစ် (ဧပြီ ၊ မေ ၊ ဇွန်)လအတွက် ထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ဇူလိုင် ၃ ရက်၊ ညနေ ၄ နာရီက ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်နှင့် တာဝန်ရှိသူများက ညောင်ဦးမြို့နယ် ပုဂံမြို့၊ အနော်ရထာရပ်ကွက်သို့ သွားရောက်ပြီး အဘိုးအဘွားများနှင့် မသန်စွမ်းသူများကို အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ မြို့ပေါ်ရပ်ကွက်များအပါအဝင် ကျေးရွာအုပ်စု ၇၅ အုပ်စု၊ ကျေးရွာပေါင်း ၂၂၀ ရှိပြီး လူမှု ရေးပင်စင်ပေးရန် အသက် ၈၅ နှစ်အထက် အဘိုး ၃၈၁ ဦး၊ အဘွား ၇၂၄ ဦး၊ စုစုပေါင်း ၁၁၀၅ ဦး ရှိကြောင်းနှင့် မသန်စွမ်းသူဦးရေစာရင်းအနေဖြင့် စုစုပေါင်း ၈၀၄ ဦးရှိကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများကို နိုင်ငံတော်မှထောက်ပံ့ပေးသည့် လူမှုရေးပင်စင်ထောက်ပံ့ငွေ များကို ခရိုင်/မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း အဆိုပါ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ယင်းနေ့ ညနေ ၄ နာရီက လူမှုရေးပင်စင်များ ထောက်ပံ့ပေးခြင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် ခရိုင်/မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ပုဂံမြို့၊ အနော်ရထာရပ်ကွက်နှင့် ခန်းလောင်းအနော်ရထာ ရပ်ကွက်ရှိ သွားလာရန်အခက်အခဲဖြစ်သည့် အသက် ၈၅ နှစ်အထက် အဘိုးအဘွား ၂ ဦး နေအိမ် သို့သွားရောက်၍ ၂၀၁၉ ခုနှစ် (ဧပြီ ၊ မေ ၊ ဇွန်)လအတွက် တစ်လလျှင် ထောက်ပံ့ငွေကျပ် တစ်သောင်းနှုန်းဖြင့် သုံးလစာ ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ စီ နှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် မသန်စွမ်းသူများအတွက် ထောက်ပံ့သည့် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် မသန်စွမ်းသူ ၂ ဦးထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


