ညောင်ဦး ၂၅ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် အဝီစိစက်ရေတွင်းများနှင့် ရေတင်စက်များ ချို့ယွင်းသွားပါက အချိန်နှင့်တစ်ပြေးညီ ကူညီဖြေရှင်းဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် စက်ရေတွင်းနှင့် ရေတင်စက် ပြုပြင်ခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင် ကသင်တန်း ဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ရှိန်(လက်ထောက်ညွှန်ကြားရေးမှူး) က စက်ရေတွင်းနှင့် ရေတင်စက် ပြုပြင်ခြင်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချသင်ကြားပေးမည့် အခြေခံ စက်ရေတွင်း နှင့် ရေတင်စက်ပြုပြင်ခြင်းဆိုင်ရာ သင်ခန်းစာများအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာများက တက်ရောက်လာသည့် သင်တန်းသားများအား အဝီစိစက်ရေတွင်း ပြုပြင်ခြင်း နည်းပညာနှင့် ရေတင်စက်ပြုပြင်ခြင်း နည်းပညာများကို ပရိုဂျက်တာဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြသည်။
အဆိုပါ အဝီစိစက်ရေတွင်းနှင့် ရေတင်စက်ပြုပြင်ခြင်းသင်တန်းသို့ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ သင်တန်းသား ၂၀ တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းအား ဇန်နဝါရီ ၂၅ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက် အထိ အချိန်တစ်လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)