ညောင်ဦး ၃၀ အောက်တိုဘာ        

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်သော အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး စီမံကိန်း (Food Safety Pilot Project) အစီအစဉ်ဖြင့် စိုက်ပျိုးသည့် မိုးမြေပဲ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်နှင့် မိုးမြေပဲ မျိုးသန့် မျိုးပွား (ဆင်းပဒေသာ - ၁၁) စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေအား တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို အောက်တိုဘာ ၂၉ ရက်၊ နံနက် ၈ နာရီက ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ဆည်ကျေးရွာ တောင်သူ ဦးစံအောင်၏ မိုးမြေပဲစိုက်ခင်းနှင့် တောင်တောကျေးရွာ တောင်သူ ဦးကျော်တွင်း ၏ မိုးမြေပဲစိုက်ခင်း တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တောင်သူပညာပေး ကွင်းသရုပ်ပြပွဲတွင် ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြည်ကြည်ဆွေ က မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် မျိုးကောင်းမျိုးသန့် ထိန်းသိမ်းထားသိုနည်း စနစ်များ၊ ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်သန်းမြင့်က မြေပဲသီးနှံစိုက်ခင်းများတွင် ကျရောက်တတ်သော ပိုးမွှားရောဂါ အကြောင်းနှင့် ကြိုတင်ကာကွယ်နှိမ်နင်းရမည့် နည်းစနစ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ ခရိုင် မြေအသုံးချရေးတာဝန်ခံ ဒေါ်စန်းစန်းဝေက မြေဆီလွှာကောင်းမွန်ရေး ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် သီးနှံများ စိုက်ပျိုးရာတွင် အစားအစာ ဘေးအန္တရာယ်ကင်းဝေးစေရေး သဘာဝ မြေဩဇာနှင့် ဓာတ်မြေဩဇာများကို စနစ်တကျ သုံးစွဲနည်းစနစ်များကို ရှင်းလင်း ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော တောင်သူများ၏ မျိုးသန့်ရရှိလိုမှုနှင့် စိုက်ပျိုးရေးနည်းစနစ်များနှင့် ပတ်သက်ပြီး မေးမြန်းဆွေးနွေးမှုများကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ 

 

ထို့နောက် ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင် (မြေ၊ မျိုး၊ ပိုး) တာဝန်ခံများနှင့် ဝန်ထမ်းများအဖွဲ့က တက်ရောက်လာသည့် ဒေသခံတောင်သူများအား မြေပဲသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်း ကောင်းမွန်ရေး လိုက်နာဆောင်ရွက်ရမည့် ပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြပြီး အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးစီမံကိန်း (Food Safety Pilot Project) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် ငါ့သရောက်မြို့၊ ဆည်ကျေးရွာမှ တောင်သူ ဦးစံအောင်နှင့် တောင်တောကျေးရွာမှ တောင်သူ ဦးကျော်တွင်း တို့၏ မိုးမြေပဲ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်(၁၀)ဧကနှင့် မိုးမြေပဲ မျိုးသန့်မျိုးပွား(ဆင်းပဒေသာ - ၁၁) စိုက်ခင်း (၂)ဧကအား စံကွက်ရိတ်သိမ်းရာ တစ်ဧက မြေပဲအထွက်နှုန်း ၆၅ ဒသမ ၅၀ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

 

ညောင်ဦးခရိုင်အတွင်း ပြည်သူများ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးစီမံကိန်း (Food Safety Pilot Project) ဖြင့် မိုးမြေပဲ(GAP)စနစ် စိုက်ပျိုးခြင်းကို ညောင်ဦးခရိုင်အတွင်း ညောင်ဦးမြို့နယ်၌ ကျေးရွာပေါင်း(၁၃)ရွာ၊ ငါ့သရောက်မြို့၌ ကျေးရွာ(၃)ရွာ၊ စုစုပေါင်း ကျေးရွာ(၁၆)ရွာတွင် စုစုပေါင်း မြေပဲသီးနှံစိုက်ဧက (၂၇၁၇၃)ဧက လျာထား စိုက်ပျိုးထားရှိကြောင်း ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ၊ GAP Inspector Team အဖွဲ့မှ ဦးစီးအရာရှိ ဒေါ်မင်းမင်းသွင် ထံက သိရသည်။ 

လှိုင်ဝင်းလေး (ပုဂံမြေ)