ညောင်ဦး   ၉  မေ    

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း တောင်သူများ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးအတွက် (GAP)စနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ထားသည့် မိုးကြိုပဲတီစိမ်း စံပြကွက်နှင့် ခေါင်နှံမျိုးပွား နွေစပါးစံပြကွက်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု ရှိ မရှိကို ယနေ့ နံနက် ၇ နာရီက ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

ထိုသို့ စစ်ဆေးရာတွင် ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးနိုင်နှင့် ဝန်ထမ်းများက ညောင်ဦးမြို့နယ် ကျောင်းမြစ်ရေတင်၊ လက်ပံခြေပေါ် မြစ်ရေတင်စနစ်ဖြင့် (GAP)နည်းပညာအသုံးပြု၍ စိုက်ပျိုးထားရှိသော မိုးကြိုပဲတီစိမ်း စံပြကွက် စိုက်ခင်းများသို့ သွားရောက်ပြီး သီးနှံပင်များ ကြီးထွားဖွံ့ဖြိုးမှု ရှိ မရှိနှင့် ပိုးမွှားရောဂါ ကျရောက်မှု ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးသည်။ 

 

ထို့နောက် တာဝန်ခံ ကွင်းဝန်ထမ်းများနှင့် ဒေသခံတောင်သူများကို တွေ့ဆုံ၍ ပဲတီစိမ်းသီးနှံ အထွက်နှုန်းကောင်းမွန်ရေးအတွက် ရာသီအလိုက် ကျရောက်တတ်သော ပိုးမွှားရောဂါအန္တရာယ် ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ သီးနှံပင်များ အောင်မြင်ဖြစ်ထွန်းစေရန် သဘာဝရွက်ဖျန်းအားဆေးများ ပက်ဖျန်းဆောင်ရွက်သွားရန် ကိစ္စရပ်များ၊ ဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် သီးနှံအရည်အသွေးကောင်းမွန်ရေး (GAP)နည်းစနစ်တွင် ပါဝင်သော နည်းလမ်း (၁၆)ချက်နှင့် ကိုက်ညီအောင် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။ 

 

ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့သည် ငါ့သရောက်မြစ်ရေတင်စနစ်ဖြင့် (GAP)နည်းပညာ အသုံးပြုစိုက်ပျိုးထားရှိသော ခေါင်နှံမျိုးပွား နွေစပါးစံပြကွက်(၁)ဧက စိုက်ခင်းသို့သွားရောက်၍ သီးနှံပင်များ အောင်မြင်ဖြစ်ထွန်းမှုရှိ မရှိ ကြည့်ရှုစစ်ဆေးပြီး သီးနှံဖျက်ပိုးရောဂါ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် သီးနှံအထွက်နှုန်းကောင်းမွန်ရေး အချိန်အခါအလိုက် ထည့်သွင်းအသုံးပြုရမည့် သဘာဝဓာတ်မြေဩဇာ သုံးစွဲပုံနည်းစနစ်များကို ဒေသခံတောင်သူများအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)