ညောင်ဦး နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်ပြီး တစ်ပိုင်တစ်နိုင် ဇီးပင်စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုအခါ ဇီးသီးများ ဈေးကောင်းပေးဝယ်သဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်ရှိ ဒေသခံတောင်သူများသည် နှစ်ရှည်သီးနှံများဖြစ်သည့် ဇီး၊ မကျည်း၊ သရက်၊ လျှော်ဖြူ၊ နံ့သာဖြူ၊ သနပ်ခါး စသည့် သီးနှံများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ဇီးပင်စိုက်ပျိုးရေးလုပ်ငန်းကို တောင်သူအချို့က ဉယျာဉ်ခြံမြေများဖြင့် စီးပွားဖြစ်စိုက်ပျိုးကြသည်။
ဇီးပင်စိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးပြီး (၅)နှစ်ခန့်အကြာတွင် ဇီးသီးများလှိုင်လှိုင်သီးကာ ဆွတ်ခူး ရောင်းချရကြောင်း၊ ဇီးသီးတွင် ဇီးချိုသီးနှင့် ဇီးချဉ်သီး ဟူ၍ (၂)မျိုးရှိပြီး စီးပွားရေးလုပ်ငန်းရှင်များက ဇီးသီးဖြင့် စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြကြောင်း၊ အချို့လုပ်ငန်းရှင်များမှာ တစ်ပိုင်တစ်နိုင် ဇီးထန်းလျက်၊ ဇီးယို၊ ဇီးဖျော်ရည် စသဖြင့် ဒေသထွက် စားသောက်ကုန်များအဖြစ် ထုတ်လုပ်ကာ ရောင်းချလုပ်ကိုင်ကြကြောင်း သိရသည်။
"ကျွန်တော်တို့ ညောင်ဦးမြို့နယ် အညာကျေးလက်ဒေသတွေမှာ ဇီးပင်စိုက်ပျိုးရေးလုပ်ငန်းကို အရင်နှစ်တွေက တွင်တွင်ကျယ်ကျယ် မစိုက်ပျိုးကြဘူး။ ခုနောက်ပိုင်းမှာ ဇီးသီးဈေး တစ်နှစ်ထက် တစ်နှစ် ဈေးကောင်းပေးဝယ်ယူလာတဲ့အတွက် ဒေသခံတောင်သူတွေက စိုက်ပျိုးရေးလုပ်ငန်းနှင့် တွဲဖက်ပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လာကြတယ်။ တစ်ချို့တောင်သူတွေကလည်း မိမိတို့ရဲ့ လယ်မြေ/ ယာမြေတွေမှာ အလေ့ကျပေါက်တဲ့ ဇီးပင်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတာပေါ့။ ကျွန်တော်တို့ ဒေသမှာ ဇီးပင်စိုက်ပျိုးရေးကို ဇီးချိုသီးရော၊ ဇီးချဉ်သီးရော (၂)မျိုးလုံး စိုက်ကြပါတယ်။ ဒါပေမယ့် ရောင်းချရမှာတော့ ဈေးကအတူတူပဲဗျ။ ဇီးပင်က စိုက်ပျိုးပြီး (၅ )နှစ် ၊ (၆)နှစ်လောက်ဆိုရင် ဇီးသီးများ လှိုင်လှိုင်သီးပြီးတော့ စတင်ဆွတ်ခူးရောင်းချလို့ရတယ်။ ဇီးသီးပေါ်ချိန်ကတော့ ဆောင်းရာသီကာလ တန်ဆောင်မုန်းလကစပြီး မတ်လလောက်အထိ ဆွတ်ခူးရောင်းချရပါတယ်။ ပြီးခဲ့တဲ့နှစ်က ဇီးသီးအခြောက် (၁)တင်းကို ငွေကျပ် ၃၅၀၀၊ ၄၀၀၀ ရောင်းရတယ်။ ဒီနှစ်ကတော့ ပေါ်ဦးပေါ်ဖျားမှာ ဇီးသီးခြောက်(၁)တင်းကို ၉၀၀၀ ဈေးနဲ့ ကုန်သည်ပွဲစားများက ဈေးကောင်းပေးဝယ်ယူတဲ့အတွက် ကျွန်တော်တို့ အညာကျေးလက်ဒေသတွေမှာ တစ်ပိုင်တစ်နိုင် ဇီးပင်စိုက်ပျိုးတဲ့တောင်သူတွေ စီးပွားရေး အဆင်ပြေနေကြတယ်" ဟု ညောင်ဦးမြို့နယ် ဗြူကြီးကျေးရွာမှ ဒေသခံ တောင်သူတစ်ဦးက ပြောသည်။
ညောင်ဦးမြို့နယ်သည် ကျေးရွာအုပ်စု(၇၂)အုပ်စု၊ ကျေးရွာပေါင်း ၂၂၀ ကျော်ရှိကာ အညာကျေးလက် ဒေသများတွင် ဒေသခံတောင်သူများက စပါး ၊ နှမ်း ၊ မြေပဲ ၊ ပဲတီစိမ်း ၊ နေကြာ ၊ ကုလားပဲ ၊ ပင်းစင်းငုံ ၊ နှံစားပြောင်း ၊ ဖူးစားပြောင်းနှင့် နှစ်ရှည်သီးနှံများဖြစ်သည့် လျှော်ဖြူ ၊ နံ့သာဖြူ ၊ သရက် ၊ မကျည်း ၊ ဇီး စသည့် သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး အချို့ဒေသခံတောင်သူများက စိုက်ပျိုးရေး လုပ်ငန်းနှင့်တွဲဖက်ကာ ထန်းတက်လုပ်ငန်း (ထန်းလျက်ချက်လုပ်ငန်း)ကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)