ညောင်ဦး    ၂၀   ဇန်နဝါရီ

 

ညောင်ဦးမြို့နယ်တွင် ဒေသခံပြည်သူများ ရာသီမရွေးသောက်သုံးရေ ဖူလုံစေရေးအတွက် ကျေးလက်မြစ်ရေတင် လုပ်ငန်း များနှင့် ရေစက်ရုံများထားရှိကာ ရေပေးဝေလျက်ရှိပြီး အဆိုပါလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းနှင့် တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ စစ်ဆေးရာတွင် ညောင်ဦးမြို့နယ် နတ်သမီးကမ်းပါး ရေစက်ရုံ ကျေးလက်မြစ်ရေတင် ရေပေးဝေရေးလုပ်ငန်းမှ မြို့နယ်အတွင်း ဒေသခံပြည်သူများ သောက်သုံးရေဖူလုံရေးရေဖြန့်ဝေပေးနေမှု အခြေအနေများနှင့် ငှက်ပစ်တောင်ရေစက်ရုံရှိ ရေမော်တာပန့်များ ကြံ့ခိုင်ကောင်းမွန်မှု ရှိ မရှိ၊ ရေစုကန်မှ သန့်ရှင်းသောသောက်သုံးရေ  ဖြန့်ဝေပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး၊ ပွင့်လင်းရာသီချိန်ဖြစ်၍ မီးဘေးအန္တရာယ် အထူးဂရုပြု ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးနှင့် အဖွဲ့သည် ညောင်ဦးမြို့နယ် အပူပိုင်းဒေသ ကျေးလက်ရေရရှိရေး စီမံကိန်း(JICA)ရုံးတွင် သင်တန်းသား အိပ်ဆောင်အဆောက်အဦ ဆောက်လုပ်နေမှုလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီ ဆောက်လုပ်ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ရဲဝင်းနိုင် (ညောင်ဦး)