ညောင်ဦးမြို့နယ်၌ ခွေးရူးရောဂါပပျောက်ကင်းစင်ရေး စီမံချက်ဖြင့် ခွေး ၊ ကြောင်ကောင်ရေ စုစုပေါင်း ၂၃၄၉၂ ကောင်အား ခွေးရူးကာကွယ်ဆေး အခမဲ့ ထိုးနှံပေး

ညောင်ဦး    ၂၉  နိုဝင်ဘာ    

 

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်အတွင်း ခွေးရူးရောဂါဖြစ်ပွားမှုများ ကင်းဝေး စေရန်နှင့် ပြည်သူများ ခွေးရူးရောဂါအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်ပြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ညောင်ဦးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာက FOUR PAWS INTERNATIONAL အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ညောင်ဦး မြို့နယ်အတွင်း ခွေး ၊ ကြောင်ကောင်ရေ စုစုပေါင်း ၂၃၄၉၂ ကောင် ခွေးရူးကာကွယ်ဆေး အခမဲ့ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း အဆိုပါ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရသည်။

 

ထိုသို့ မြို့နယ်အတွင်း ခွေးရူးရောဂါ ပပျောက်ကင်းစင်ရေး စီမံချက်ဖြင့် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ ကွင်းဆင်း ထိုးနှံပေးရာတွင် ညောင်ဦးခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာခင်ချိုနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာဖိုးဆေး တို့မှ အနီးကပ်ကြီးကြပ်၍ ဒုတိယဦးစီးမှူး ဒေါက်တာ အောင်လင်းနှင့် ဝန်ထမ်းများအဖွဲ့က အောက်တိုဘာ ၂၈ ရက်နေ့မှ စတင်ကာ နိုဝင်ဘာ ၂၃ ရက် နေ့အထိ ဆေးထိုးအဖွဲ့(၆)ဖွဲ့ဖြင့် ကွင်းဆင်းထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 “ကျွန်တော်တို့မြို့နယ် အတွင်းမှာရှိတဲ့ ပြည်သူများ ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရန်နဲ့ ခွေးရူးရောဂါ ဖြစ်ပွားမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ပြီး ယခုလို စီမံချက်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ နောက်ပြီး ဒီခွေးရူးရောဂါဟာ ခွေး ၊ ကြောင်များမှတစ်ဆင့် လူသို့ ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ပြီး ခွေးရူး ရောဂါကူးစက်ခံရပါက အသက်အန္တရာယ် ဆုံးရှုံးစေနိုင်တဲ့အထိ ဖြစ်နိုင်တဲ့အတွက် ယခုလို FOUR PAWS INTERNATIONAL အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၁၅)ရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၂၀ ကို ဆေးထိုးအဖွဲ့(၆)ဖွဲ့ဖြင့် ကွင်းဆင်းပြီး ခွေးရူးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ထိုးနှံပြီးစီးမှု ကောင်ရေအနေ နဲ့ကတော့ တစ်မြို့နယ်လုံး ခွေးကောင်ရေ ၁၆၀၈၇ ကောင် ၊ ကြောင် ၇၄၀၅ ကောင် ၊ စုစုပေါင်း (ခွေး ၊ ကြောင်) ကောင်ရေ ၂၃၄၉၂ ကောင်  ကာကွယ်ဆေးထိုးနှံပေး နိုင်ခဲ့ပါတယ်။ အဲဒီအတွက်လည်း ပူးပေါင်းပါဝင် ပံ့ပိုးကူညီပေးတဲ့ FOUR PAWS INTERNATIONAL အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ညောင်ဦးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါက်တာအောင်လင်း က ပြောပြသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )