ညောင်ဦး ၆ ဧပြီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ညောင်ပင်ကန်ကျေးရွာတွင် တတိယနှစ်စက်ဝန်း လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် စာသင်ကျောင်းဆောင် အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၆ ရက် နံနက် ၁၀ နာရီက စာသင်ကျောင်းဆောင်အနီး ယာယီမဏ္ဍပ်တွင် ကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်၊ ညောင်ဦးခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ငွေ၊ ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးမှ နည်းပညာအကြံပေးခေါင်းဆောင် ဦးကျော်မိုဃ်းအောင်၊ ပညာရေးဌာနမှ ဦးအောင်သောင်း၊ ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီဝင် ဦးသန်းထွန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်၊ ညောင်ဦးခရိုင်ကျေးလက်ဦးစီးမှူး ဦးအောင်ငွေတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ၎င်းနောက် ညောင်ဦးမြို့နယ် လူထုဗဟိုပြုစီမံကိန်းရုံးမှ နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကျော်မိုဃ်းအောင်က လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ပညာရေးဌာနမှ ဦးအောင်သောင်းက ကျောင်းဆောင်သစ် ဆောက်လုပ်ပေးသည့်အပေါ် ဝမ်းသာပီတိစကား ပြောကြားခဲ့သည်။
ထို့နောက် ညောင်ပင်ကန်ကျေးရွာ လူထုဗဟိုပြုစီမံကိန်းအထောက်အကူပြုကော်မတီ ဦးသန်းထွန်းက ရွာသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ယခုအခါ ကျေးရွာရှိ အိမ်ထောင်စု(၃၅၀)မှ ကျောင်းနေအရွယ် ကလေးငယ်များ စိတ်အေးချမ်းသာစွာ ပညာဆည်းပူးခွင့် အကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)