ညောင်ဦးမြို့နယ်၌ မြေအောက်ရေအသုံးပြု ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုများလာ

ညောင်ဦး ဒီဇင်ဘာ ၂၁

 

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စုအတွင်း မြေအောက်ရေတူးဖော်ကာ မြေအောက်ရေသွင်းစိုက်ပျိုးသည့် ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ များလာကြောင်း ဖီးကြမ်းငှက်ပျောစိုက် တောင်သူများထံက သိရသည်။

 

ညောင်ဦးမြို့နယ်မှ ဖီးကြမ်းငှက်ပျော စိုက်တောင်သူများသည် ငှက်ပျောစိုက်ပျိုးခြင်းအား တပေါင်းလ၊ တန်ခူးလတို့တွင် စတင်စိုက်ပျိုးကြကြောင်း၊ လက်ပံခြေပေါ်အုပ်စု ကျေးရွာများသည် ငှက်ပျောစိုက်ပျိုးကြရာတွင် ဖီးကြမ်းငှက်ပျော တစ်မျိုးတည်းသာ စိုက်ပျိုးပြီး ငှက်ပျောပေါ်ချိန် ရောင်းအားကောင်းကြောင်း၊ ဖီးကြမ်းငှက်ပျော ရောင်းအားပိုပြီး ဈေးနှုန်းလည်းရရှိခြင်းကြောင့် ရခိုင်ငှက်ပျောစိုက်ပျိုးမှု မရှိသလောက်ရှိကြောင်း ငှက်ပျောစိုက်တောင်သူ ဦးအောင်ဌေးက ပြောသည်။

 

ဖီးကြမ်းငှက်ပျောစိုက်ပျိုးရာတွင် တစ်ပင်တစ်ကျင်းစိုက်ပျိုးခြင်း၊ တစ်ကျင်းနှစ်ပင်စိုက်ပျိုးခြင်း၊ ကွက်စိတ်ချစိုက်ပျိုးကြပြီး တစ်ပင်တစ်ကျင်း စိုက်ပျိုးသည့်သူများက ငှက်ပျောသားတက်မထားကြပဲ အပင်အားလုံးအသီးသီးပြီးလျှင် အသစ်ပြန်စိုက်ကြကြောင်း၊ တစ်ကျင်းနှစ်ပင် စိုက်တောင်သူများမှာမူ ငှက်ပျောသားတက် တစ်ပင်တစ်တက်ထားပြီး စိုက်ပျိုးကြကြောင်း၊ ငှက်ပျောပေါ်ချိန်သည်လည်း စိုက်ပြီး ဆယ်လ၊ ဆယ့်တစ်လတွင်ပေါ်ပြီး ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောများအား ညောင်ဦး၊ ပခုက္ကူ၊ ကျောက်ပန်းတောင်းပွဲစားများက ငှက်ပျောခြံထိ လာရောက်ဝယ်ယူကြကာ လက်ပံခြေပေါ်အုပ်စုအတွင်း ကျေးရွာများ မြေအောက်ရေအသုံးပြု၍ ဖီးကြမ်းငှက်ပျော စိုက်တောင်သူများလာကြောင်း သိရသည်။

 

ကိုထိန်၊KPD