ညောင်ဦး ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အမှတ် ၅ ရပ်ကွက်၊ သီရိပစ္စယာ ၄ လမ်းရှိ စျေးဆိုင်တန်းတွင် ဇွန် ၂၆ ရက် နံနက် ၁ နာရီ ၂၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်ရာသို့ ညောင်ဦးခရိုင်၊ မီးသတ်ဦးစီဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်သော ခရိုင်/မြို့နယ် မီးသတ်ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ယာဉ် ခြောက်စီး၊ ရေသယ်ယာဉ် ခုနစ်စီး၊ မီးသတ်စက်ယဉ် တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့သည်။ မီးလောင်မှုကြောင့် Weather Spoon စားသောက်ဆိုင်၊ အလှပြင်ဆိုင်ခန်း၊ အထည်ဆိုင်ခန်း၊ စားအုန်းဆီဆိုင်ခန်း၊ စန်းနံ့သာဆိုင်ခန်းတို့ မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ ၂၈ သိန်းခန့် ရှိကြောင်းသိရပြီး လူနှင့် တိရစ္ဆာန်၊ နိုင်ငံပိုင် အဆောက်အအုံတို့ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း ညောင်ဦးမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။
မီးစတင်လောင်ကျွမ်းခဲ့သည့် Weather Spoon စားသောက်ဆိုင်ပိုင်ရှင် ဦးရဲဝင်းထွန်းအား ညောင်ဦးမြို့မ ရဲစခန်းမှ (ပ)၅၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၀၅ ဖြင့် လျှပ်စစ်မီး ပေါ့ဆစွာ အသုံးအပြုမှုအတွက် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)
