ညောင်ဦး     ၁၆    ဖေဖော်ဝါရီ        

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့် ကောင်းများ (GAP)နည်းစနစ်ဖြင့် မိုးကြိုပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများအား သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ နှင့် တောင်သူလုပ်ငန်းသုံး ပံ့ပိုးပစ္စည်းများပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၁၆ ရက် ၊ နံနက် ၁၁ နာရီက ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။ 

 

‌ေ

 

တောင်သူများအား မျိုးစေ့နှင့် တောင်သူလုပ်ငန်းသုံး ပံ့ပိုးပစ္စည်းများပေးအပ်ရာတွင် ရှေးဦးစွာ ညောင်ဦးခရိုင်စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးနိုင် က သီးနှံများစိုက်ပျိုးရာတွင် ပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် ဓာတုဆေးဝါးသုံးစွဲမှုများ မပြုလုပ်ရန်နှင့် ငွေကုန်ကြေးကျသက်သာသော သဘာဝပိုးသတ်ဆေးများကို အားထားအသုံးပြု စိုက်ပျိုးကြစေလိုကြောင်း ၊ သီးနှံအထွက်နှုန်းနှင့် သီးနှံအရည်အသွေး ကောင်းမွန်ရေးအတွက် (GAP)နည်းစနစ်ကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုစိုက်ပျိုးသွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီ က တောင်သူများ သီးနှံဝင်ငွေတိုးပွားရေး (GAP)စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များ၊ မျိုးကောင်း မျိုးသန့် ထားသိုထိန်းသိမ်းနည်းစနစ်များနှင့် အချိန်အခါအလိုက် အသုံးပြုရမည့် တောင်သူလုပ်ငန်းသုံးပစ္စည်းများအကြောင်းကို ပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောသည်။

 

‌ေ


 
ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း မိုးကြိုပဲတီစိမ်းစိုက်ပျိုးမည့် ညောင်ဦးမြို့နယ် ကန်တော ကျေးရွာနှင့် တောင်ဖက်တန်းကျေးရွာမှ ဒေသခံတောင်သူ ၂၀ ဦး၏ စိုက်ဧက ၂၅ ဧကအတွက် တောင်သူတစ်ဦးလျှင် (ရေဆင်း - ၁၄ ) ပဲတီစိမ်းမျိုး ၆ ပြီ နှုန်းနှင့် တောင်သူလုပ်ငန်းသုံး ပံ့ပိုးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)