ညောင်ဦး စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှုကောင်းမွန်သဖြင့် သဘာဝအတိုင်းပေါက်သည့် ကျင်းမှိုများ ပေါက်အားကောင်းနေပြီး ရောင်းချရာတွင်လည်း ဈေးနှုန်းကောင်း၍ မှိုရှာဖွေရောင်းချသူများ ဝင်ငွေကောင်းနေကြကြောင်း ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ဗြူကြီးကျေးရွာမှ ဒေသခံပြည်သူများထံမှ သိရသည်။
ငါ့သရောက်မြို့၊ ဗြူကြီးကျေးရွာမှ ကျင်းမှိုရှာဖွေရောင်းချသူ ဦးကျော်ဆင့်က “မိုးရွာသွန်းမှုကောင်းခဲ့လို့ နှစ်စဉ် တော်သလင်းလအတွင်း သဘာဝအတိုင်း ပေါက်လေ့ရှိတဲ့ ကျင်းမှို အရပ်ခေါ်(မှိုထိပ်နက်၊ မှိုဖြူ)များ ပေါက်အားကောင်းပြီး မှိုတစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ နှုန်း ရောင်းချရလို့ မှိုရှာဖွေရောင်းချသူများ ဝင်ငွေကောင်းနေကြပါတယ်။ တစ်ရက်လျှင် အနည်းဆုံး ကျင်းမှို (၃ ၊ ၄ )ပိဿာအထိ ရှာဖွေရရှိပြီး ကျောက်ပန်းတောင်းမြို့နှင့် ညောင်ဦးမြို့သို့ သွားရောက်ရောင်းချကာ သဘာဝအတိုင်းပေါက်သည့် ကျင်းမှိုကို မြို့ပေါ်ရှိပြည်သူများက အကြိုက်တွေ့ ဝယ်ယူစားသုံးကြသဖြင့် ရောင်းချရာတွင်လည်း အဆင်ပြေပါတယ်” ဟု ပြောပြသည်။
ရဲဝင်းနိုင်(ညောင်ဦး)