ညောင်ဦး ၁၄ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးသည့် ရေပေးရေးနည်းပညာပေး သင်တန်းခန်းမဆောင်ဖွင့်ပွဲနှင့် ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေရရှိရေးသင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁၃ ရက်၊ နံနက် ၉ နာရီက ညောင်ဦးမြို့နယ် အပူပိုင်းဒေသ ကျေးလက်ရေရရှိရေးစီမံကိန်း(JICA) ရုံးဝန်းအတွင်း ဆောက်လုပ်ပြီးစီးသည့် ရေပေးရေး နည်းပညာပေး သင်တန်းခန်းမဆောင်၌ ကျင်းပရာ သင်တန်းခန်းမဆောင်ဆိုင်းဘုတ်အား ညောင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစော၊ မဲဆန္ဒ နယ်မြေ(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ညောင်ဦးမြို့နယ် အပူပိုင်းဒေသ ကျေးလက်ရေရရှိရေးစီမံကိန်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းညွန့်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွန့်ကြားရေးမှူး ဦးစိုးနိုင်က ကျေးလက်ဒေသ သန့်ရှင်းသော သောက်သုံးရေရရှိရေး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပို့ချသင်ကြားမည့်သင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ညောင်ဦး မြို့နယ် အပူပိုင်းဒေသကျေးလက်ရေရရှိရေးစီမံကိန်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းညွန့်က သင်တန်းသားများ လိုက်နာရမည့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် သင်တန်းနည်းပြဆရာများက တက်ရောက်လာသည့် သင်တန်းသားများကို ကျေးလက်ဒေသသန့်ရှင်းသော သောက်သုံးရေရရှိရေးဆိုင်ရာ နည်းပညာများဖြစ်သည့် တွင်းတူးဖော်ခြင်း၊ တွင်းပြုပြင်ခြင်း၊ ပန့်ရွေးချယ်ခြင်း၊ ရေအရည်အသွေးဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ရေအရည်အသွေးစစ်ဆေးနည်းများ၊ မြေအောက်ရေဆိုင်ရာ သိမှတ်ဖွယ်ရာ များနှင့် မြေလွှာတိုင်းတာခြင်း နည်းပညာများကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြသည်။
အဆိုပါ သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း(၃၇)မြို့နယ်မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန(ဝန်ထမ်း) သင်တန်းသားဦးရေ ၃၇ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းအား ဇန်နဝါရီ ၁၃ ရက် နေ့မှ ၁၇ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)