ညောင်ဦး    ၁၆   မတ်    

  

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် ငါ့ပိုင်ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ ရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် မတ် ၁၆ ရက် ၊ နံနက် ၉ နာရီက ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာပရဟိတ ရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းတို့ ပူးပေါင်းအဖွဲ့က ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

112

 

ထိုသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးရာတွင် ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာ ပရဟိတ ရေလှူအသင်း နှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်း အဖွဲ့ဝင်များက ရေဂါလန် ၁၅၀ဝ ဆံ့ ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်၍ ငါ့ပိုင် ကျေးရွာရှိ အိမ်ခြေ ၁၆၂ အိမ်ရှိ လူဦးရေ ၈၀ဝ ကျော်ခန့်အား သောက်သုံးရေဖူလုံစေရေး အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

766

 

ယခုလို ပူပြင်းခြောက်သွေ့သော နွေရာသီအချိန် ရောက်ရှိလာပါက မန္တလေးတိုင်း ဒေသကြီး ၊ ညောင်ဦးမြို့နယ် အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံပြည်သူများ သောက်သုံးရေ ရှားပါးမှုအခက်အခဲများ နှစ်စဉ် ကြုံတွေ့နေရလေ့ရှိကာ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ကျေးရွာအရောက် လာရောက်လှူဒါန်းပေးသည့် ပရဟိတရေလှူအသင်းများနှင့် အခြားသောက်သုံးရေ လှူဒါန်းပေးသည့် ဌာနဆိုင်ရာရုံးများကို ချိတ်ဆက် အကူအညီ ရယူသုံးစွဲနေရကြောင်း ညောင်ဦးမြို့နယ် ဖြူစင်မေတ္တာပရဟိတရေလှူအသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ပွေး က ပြောသည်။ 

 

ရဲဝင်းနိုင် ( ညောင်ဦး )