ညောင်ဦး နိုဝင်ဘာ ၁၀

 

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးရွာလေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၄၀၀၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်းကောင်း၊ ညောင်ဦးမြို့နယ် ကျေးရွာ တစ်ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ညောင်ဦးမြို့နယ်အတွင်း ဆင်သားမွေး၊ ကုက္ကိုကုန်း၊ စည်သာ၊ နွားကြို့အိုင်ကျေးရွာတို့၌ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၄၀၀၊ သက်ဆိုင်ရာကျေးရွာနေ ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာများပံ့ပိုးကာ ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ညောင်ဦးမြို့နယ် ဒါန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ် ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်ရန်အတွက် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ရာ လက်ရှိတွင် အဆိုပါကျေးရွာ ငါးရွာရှိ ပြည်သူများကို စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးလွင်က ပြောပြ၍ သိရသည်။

 


မင်းမြင့်မိုရ်(ကျေးလက်)