ညောင်ဦး   ဒီဇင်ဘာ   ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများမှာ ဆောင်းကြက်သွန်နီ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာမှ ဆောင်းကြက်သွန်နီ စိုက်ပျိုးတောင်သူ ဦးမောင်ပိုက်က ပြောပြသည်။

 

ဆောင်းကြက်သွန်နီမျိုးစေ့ ပျိုးထောင်ခြင်းအား သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင် ကြကြောင်း၊ မျိုး(ပျိုး)စေ့ပျိုးထောင်ပြီး ရက်ပေါင်း ၄၅ ရက်ပြည့်လျှင် စိုက်မည့်စိုက်ခင်းသို့ ရွေ့ပြောင်း စိုက်ပျိုးရကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် ကြအိုကျေးရွာ၊ သစ်ထောင့်ကျွန်းကျေးရွာ၊ လက်ပံခြေပေါ်ကျေးရွာ၊ လက်ထုတ်ကျေးရွာများနှင့် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ဆည်ပတ်ဝန်းကျင်ကျေးရွာများ၊ ရေဆုံးကျေးရွာနှင့် ပုပ္ပားမြောက်ဘက် စိတ္ထိန်းကျေးရွာများသည် ဆောင်းကြက်သွန်နီ အမြောက်အမြား စိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြပြီး ယာမြေနှင့် ကျွန်းမြေ၊ ချောင်းမြေများတွင် စိုက်ပျိုးကြကြောင်း၊ ဆောင်းကြက်သွန် စိုက်ခင်းသို့ ပြောင်းရွေ့စိုက်ပျိုးပြီးလျှင် ယာမြေများတွင် မြောင်းပေါင်စနစ်ဖြင့်ရေသွင်းစိုက်ပျိုးခြင်း၊ ကျွန်းမြေ၊ ချောင်းမြေများတွင် ရေဖျန်းစိုက်ပျိုးခြင်းများဖြင့် စိုက်ပျိုးကြသည်။

 

ဆောင်းကြက်သွန်နီ စိုက်ပျိုးရာတွင် ပျိုးထောင်ချိန်မှ နုတ်သိမ်းချိန်ထိ အချိန်ငါးလခန့်ကြာမြင့်ကြောင်း ပျိုထောင် ၄၅ ရက်၊ စိုက်ခင်းတွင် ရက်ပေါင်း ၉၀ ပြည့်မှ နုတ်သိမ်းကြောင်းလည်း သိရသည်။

 

ဆောင်းကြက်သွန်နီစိုက်ပျိုးချိန် ကြက်သွန်စိုက်သမတစ်ဦးလျှင် နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲ အချိန်ထိ ငါးထောင်ကျပ်၊ ယာထွန်စက် တစ်နာရီ ၂၄၀၀ ကျပ်၊ နွားဖြင့်ထွန်ယက်ခ တစ်မနက် တစ်သောင်းကျပ်၊ နွားချေးပုဇဉ်းခေါင်း ထော်လာဂျီတစ်စီး လေးသောင်းကျပ်၊ ဖော့စမိတ်တစ်အိတ် ခြောက်သောင်းကျပ်၊ ငုံးချေး တစ်အိတ် သုံးထောင်ကျပ် စသည်ဖြင့် ကြက်သွန်တစ်ဧက စိုက်ပျိုးစရိတ် ပျမ်းမျှ သိန်း ၂၀ ခန့်ကုန်ကြကြောင်း ဦးတင်ထွန်းအောင်က ရှင်းပြသည်။

 

နုတ်သိမ်းချိန်တွင်လည်း ကြက်သွန်လှောင်စင်ပေါ်တင်ပြီးချိန်ထိ မပျက်စီးစေရန် လေဝင်လေထွက်ကောင်းအောင် ထားပေး ရကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)