ညောင်ဦး၊ ၂၃ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများနှင့် သစ်ထောင့်ကျွန်း ကျေးရွာအုပ်စုရှိ ကျေးရွာများ မြေအောက်ရေသွင်းပြောင်းဖူးစိုက်ပျိုးကြရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဈေးနှုန်းအမြင့်ဆုံးရောင်းချနေရကြောင်း သစ်ထောင့်ကျွန်းကျေးရွာ ပြောင်းဖူးပွဲစား ဦးဝင်းတင့်ထံမှ သိရသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု ကျေးရွာများ၊ သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိ ကျေးရွာများသည် မြေအောက်ရေဖြင့် စိုက်ပျိုးသည့် သကြားပြောင်းဖူး၊ အစေးပြောင်းဖူးခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ အဆိုပါစိုက်ခင်းများမှ ထွက်ရှိသည့် ပြောင်းဖူးများ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလတွင်း အနီးအနားမြို့များသို့သာ ရောင်းချနေရခြင်းကြောင့် ထွက်ရှိသည့် ပြောင်းဖူးများပြားနေပြီး ဈေးနှုန်းမရရှိဖြစ်နေရာမှ ဒီဇင်ဘာလတွင် ပြောင်းဖူးဈေးနှုန်းများ တက်လာခဲ့ကြောင်း သိရသည်။
ပြောင်းဖူးစိုက်ပျိုးကြရာတွင် အချိန်နှစ်လခွဲဖြင့် ငွေအမြန်ပေါ်သော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလတွင် ပြောင်းဖူးစိုက်ပျိုးတောင်သူများ ပြောင်းဖူးရောင်းချချိန် တစ်ဖူး ကျပ် ၈၀ သာ ရောင်းချ ခဲ့ရရာမှ ဒီဇင်ဘာလအတွင်း အခြားမြို့ကြီးများမှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူမှု များပြားခဲ့ရာ ဆယ်ဖူးဈေး ကျပ် ၈၀ဝ ရှိခဲ့ရာမှ ယခုလအတွင်း ဆယ်ဖူဈေး ကျပ် ၁၆၀ဝ နှုန်း ရောင်းချနေရခြင်းကြောင့် ပြောင်းဖူးစိုက်တောင်သူများ ဈေးကောင်းရရှိနေပြီး အဆင်ပြေနေကြကြောင်း ဦးဝင်းတင်က ပြောပြသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


