ပုဂံ ၃၁ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေအခက်ကြုံတွေ့နေရသည့် ကျေးရွာများသို့ သောက်သုံးရေဂါလန် ၂၁၄၀၀ ကျော်ကို မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းမှ ဇန်နဝါရီ ၃၁ ရက်က သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲဖြစ်ပေါ်လာပါက ရေအလှူရှင်များ၏ လှူဒါန်းငွေဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိရာ သောက်သုံးရေများ အခက်ကြုံနေရသည့် ပုဂံ-ညောင်ဦး မြို့နယ်၊ ဆင်လူးအိုင်ကျေးရွာ၊ ကန်ဇောက်ကျေးရွာ၊ ရွာလုကျေးရွာ၊ တောစွန်တဲတိုက်၊ ကန်နီကြီးတဲတိုက်၊ အင်ကြင်းမြိုင်တဲတိုက်နှင့် ညောင်တိုတဲတိုက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် ရေဂါလန် ၂၁၄၀၀ ကျော် သွားရောက်လှူဒါန်းပြီး အိမ်ထောင်စုအလိုက် စနစ်တကျခွဲဝေပေးခဲ့ကြောင်း မြင့်မြတ်သူ စေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ် ကူညီမှုအသင်းမှ တာဝန်ရှိသူ ဦးအောင်ငြိမ်းက ပြောသည်။
မိုးနည်းရပ်ဝန်းဒေသဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံ-ညောင်ဦးဒေသရှိ ကျေးလက်နေပြည်သူအများစုသည် နွေရာသီမတိုင်မီ ယခုဆောင်းရာသီကာလမှာပင် သောက်သုံးအခက်ကြုံနေရပြီဖြစ်ပြီး သောက်သုံးရေ အလှူရှင်များနှင့် ပရဟိတအသင်းများကို အားထားနေကြရကြောင်း၊ သောက်သုံးရေများကို ပုဂံ-ညောင်ဦး မြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲဖြစ်သည့် ကျေးရွာများမှ ချိတ်ဆက်အကူအညီတောင်းခံလာပါက ကျေးရွာများအရောက် ပေးပို့လှူဒါန်းပေးလျက်ရှိကြောင်း၊ သောက်သုံးရေလှူဒါန်းလိုသူများအနေဖြင့် မြင့်မြတ်သူစေတနာသွေးလှူရှင်နှင့် လူနာတင်ယာဉ်ကူညီမှုအသင်း ၀၉-၄၀၂-၇၇၄-၃၉၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အဆိုပါပရဟိတအသင်းမှ သိရသည်။
ဖေလိန်း(ပုဂံ)


