ညောင်ဦး၊ ၁၄ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ဆောင်းနှမ်းခေါ် စမုံနက်နှမ်းများ စတင်နုတ်သိမ်းနေပြီဖြစ်ရာ အထွက်နှုန်းကောင်းပြီး ဈေးနှုန်းကောင်းရန် မျှော်လင့်နေရကြောင်း ညောင်ဦးမြို့နယ် တောင်ရှေ့ကျေးရွာ ဆောင်းနှမ်းနက်ခေါ် စမုံနက်နှမ်းစိုက် တောင်သူ ဦးဝင်းတင်က ပြောသည်။
ညောင်ဦးမြို့နယ်တွင် ဆောင်းနှမ်းနက်ခေါ် စမုံနက်နှမ်းနက်များကို တော်သလင်းလတွင် စတင်ကြဲပက်စိုက်ပျိုးခဲ့ပြီး အပင်ပေါက်ချိန် မိုးနှစ်မိုးသုံးမိုးလောက်ရရှိပြီး ဆောင်းတွင်း ဝင်ရောက်လာချိန် အအေးဓာတ်ဖြင့် အပင်များဆက်လက်ဖြစ်ထွန်းအောင်မြင်ကာ တန်ဆောင်မုန်းလ၊ နတ်တော်လတို့တွင် အဆိုပါနှမ်းနက်များ နုတ်သိမ်းလေ့ရှိကြောင်း သိရသည်။
ဆောင်းနှမ်းစိုက်တောင်သူများ မိုးရာသီစိုက်ပျိုးချိန် မိုးရွာသွန်းမှု မညီမျှခြင်းများကြောင့် ယခုနှစ် ညောင်ဦးမြို့နယ်တွင် မိုးနှမ်းအထွက်နှုန်း သိသိသာသာလျော့ကျခဲ့ကြောင်း၊ ဆောင်းနှမ်းစိုက်ပျိုးသည့် တောင်သူများ အောင်မြင်ဖြစ်ထွန်းကာ နှမ်းစေ့များအရည်အသွေးပြည့်ကြောင်း၊ မိုးနှမ်းထက် ဆောင်းနှမ်းများက ပိုမိုရရှိခဲ့ကြောင်း ဦးဝင်းတင်က ရှင်းပြသည်။
ညောင်ဦးမြို့နယ်ထွက် ဆောင်းနှမ်းနက်ခေါ် စမုံနက်နှမ်းများအား ပခုက္ကူပွဲရုံများသို့ သွားရောက် ရောင်းချကြကြောင်း သိရပြီး စမုံနှမ်းတစ်တင်းလျှင် နှမ်းအရည်အသွေးပြည့်ဝမှုပေါ် မူတည်ကာ ကျပ် ၅၇၀၀၀၊ ၅၅၀၀၀ မှ ၄၅၀၀၀ ကျပ်ထိ၊ စမုံနက်နှမ်းအရည်အသွေးပေါ် မူတည်ကာ ဈေးနှုန်းရှိကြောင်း၊ စမုံနက်နှမ်းတစ်တင်းလျှင် ၁၅ ပိဿာရှိကြောင်း ပခုက္ကူမြို့ နီလာပွဲရုံပိုင်ရှင် ဦးဘိုကြီးနိုင်က ရှင်းပြ၍ သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


