ညောင်ဦး စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ ၁ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေမှတ်သည် ၂၁၁၃ စင်တီမီတာသို့ ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ ရောက်ရှိရန် ၇ စင်တီမီတာလိုတော့ခြင်းကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးမှုသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

 

ဩဂုတ် ၃၁ ရက်၊ ညနေ ၆ နာရီခွဲ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၁၁၃ စင်တီမီတာရှိနေခဲ့ပြီး ယနေ့နံနက် ၆ နာရီခွဲထိ ၂၁၁၃ စင်တီမီတာတွင် ရပ်တန့်နေခဲ့သဖြင့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိန်ရန် ၇ စင်တီမီတာ(နှစ်လက်မခန့်)အလိုတွင် ဆက်လက်တည်ရှိကြောင်း သိရသည်။

 

မြစ်ကမ်းဘေးနေ မိဘပြည်သူများ ရေဘေးအသိသတိရှိစေရန် ညောင်ဦးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှု အခြေအနေ၊ မြစ်ရေကျမှု အခြေအနေများအား နေ့စဉ် သတင်းထုတ်ပြန်ပေးနေကြောင်း၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မြစ်ကမ်းဘေးနေပြည်သူများအား Speed Boat နှင့် လှည့်လည်၍ မြစ်ရေကြီးမှုအခြေအနေအား Hand Speaker ဖြင့် လိုက်လံဆော်ဩနေကြောင်းလည်း ညောင်ဦးမြို့နယ် မီးသတ်ဦးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောသည်။

 

ညောင်ဦးမြို့နယ်တွင် မြစ်ရေတိုင်းတာခြင်းများအား တစ်နေ့သုံးကြိမ် တိုင်းတာပြီး စိုးရိမ်ရေမှတ်ရောက်ရှိပါက တစ်နာရီတစ်ကြိမ် တိုင်းတာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

မောင်မောင်ထိန်