ညောင်ဦး နိုဝင်ဘာ ၉

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့် နေရာပြောင်းလဲထိုးနှံမည့် နေရာများကို ပြည်သူများသိရှိစေရန်အတွက် နိုဝင်ဘာ ၈ ရက် မွန်းလွဲ ၃ နာရီနှင့် နိုဝင်ဘာ ၉ ရက် နံနက် ၆ နာရီတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် နေရာများအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများအသံချဲ့စက်ဖြင့် ကျေးရွာ/ရပ်ကွက်များသို့ လိုက်လံအသိပေးခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား ညောင်ဦးမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ထိုးနှံပေးခဲ့ရာမှ ယခုအခါ ရွှေစည်းခုံ ဝေဇယန္တာဗိမ္မာန်တော်ကြီးတွင် ပြည်သူများ အလွယ်တကူထိုးနှံနိုင်ကြရန် ရွေ့ပြောင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် အဓိကအလေးထား ဆောင်ရွက်လျက်ရှိရာ ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၄၀ နှစ်မှ ၅၉ နှစ်၊ အသက် ၆၀ နှစ်မှ အသက် ၆၉ နှစ်နှင့်အထက်၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား လည်းကောင်း၊ ပထမအကြိမ် Sinopham ဆေးထိုးပြီး ဒုတိယအကြိမ်ဆေးထိုးရန် ကျန်ရှိသူများအားလည်းကောင်း၊ ယနေ့တွင် နံနက် ၉ နာရီမှစတင်ပြီး ရွှေစည်းခုံဘုရား ဝေဇယန္တာဗိမ္မာန်၊ ပုဂံအ.ထ.က၊ တောင်ဇင်းအ.ထ.က၊ ငါ့သရောက်တိုက်နယ်ဆေးရုံတို့တွင် ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူများ သိရှိနိုင်စေရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာအောင်ထံက သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)