ညောင်ဦး ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် (Omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံနိုင်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော (Omicron) အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ရောဂါကာကွယ်နိုင်ရေးအတွက် အတတ်နိုင်ဆုံး အိမ်တွင်သာနေထိုင်ကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်းမပြုရန်၊ နေအိမ်အပြင်ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားရန်၊ နှာခေါင်းစည်းတပ်ဆင်ထားခြင်း မရှိသူများနှင့် စကားပြောဆိုခြင်း၊ နှာခေါင်းစည်းမတပ်ဘဲ ဈေးရောင်းသူများထံမှ ဈေးမဝယ်ယူရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေရန်၊ လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာ မကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးချိုနှင့် နှလုံးရောဂါ အခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူအားလုံးက ကိုယ်စီလိုက်နာကြရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD


