ညောင်ဦး   ၂၉   ဇူလိုင်        

          

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း ယာယီ ပိတ်ထားသည့်  ဆနွင်း အစားအသောက်ချက်ပြုတ်ရေးနှင့် ဧည့်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာသင်တန်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိ ကြောင်း ဆနွင်း သင်တန်းကျောင်းတာဝန်ခံ  ဦးတင့်လွင်ဦးထံမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ သင်တန်းတွင် သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် သင်တန်းကျောင်းကို မတ် ၁၉ ရက်မှစ၍ ယာယီ ပိတ်သိမ်းခဲ့ရသဖြင့် သင်တန်းကာလ ၈ လသာ တက်ရောက်ခဲ့ရပြီး ပြီးဆုံးရန် ၄ လမျှ ကျန်ရှိ သေးကြောင်း၊

 

သင်တန်းရပ်နားထားသည့် ကာလအတွင်း သင်တန်းသား သင်တန်းသူများ၏ စားဝတ်နေရေးနှင့် ၎င်းတို့အား မှီခိုအားထားသည့် မိဘများ အဆင်ပြေစေရေး လစဉ် သင်တန်းသား သင်တန်းသူ တစ်ဦးလျှင် ငွေကျပ် သုံးသောင်း ထောက်ပံ့ပေးကြောင်း၊ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ထားပြီး ဖွင့်လှစ်ခွင့်ရရှိရေး သက်ဆိုင်ရာဌာနများသို့ ခွင့်ပြုမိန့်တင်ထားကြောင်း ဆနွင်း သင်တန်းကျောင်းတာဝန်ခံထံမှ သိရသည်။

 

“ဒီ ဆနွင်းသင်တန်းကျောင်းအနေနဲ့ နှစ်စဉ် ညောင်ဦးခရိုင်အတွင်းနှင့် အခြားဒေသများမှ အသက် ၁၇ နှစ်ပြည့်ပြီး ၂၃ နှစ်အောက် အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာအထက်တန်း အဆင့် ကို ပြီးဆုံးအောင် ပညာဆက်လက်သင်ကြားနိုင်ခြင်းမရှိသူ လူငယ် လူရွယ် ကျား/မ ၃၀ ကို ရွေးချယ်ပြီး တစ်နှစ်တာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးပါတယ်။  တက်ရောက်ခွင့်ရတဲ့ သင်တန်းသူ သင်တန်းသား တွေကိုလည်း အဆောင်မှာထားရှိပြီး နေထိုင်စားသောက်ရေး အားလုံးစီစဉ် ပေးတယ်။ နေ့စဉ် နံနက် ၉  နာရီကနေ ၁၁  နာရီအထိ အင်္ဂလိပ်စာသင်ကြားပေးပြီး ကျန်အချိန်တွေကို လက်တွေ့ သင်ကြားဆောင်ရွက်ရတဲ့ အချက်အပြုတ်နဲ့ ဧည့်ဝန်ဆောင်မှုဆိုင်ရာ အသက်မွေးဝမ်း ကျောင်း ပညာရပ်တွေကို သင်ကြားပေးပါတယ်” ဟု ဆနွင်းသင်တန်းကျောင်း တာဝန်ခံ ဦးတင့်လွင်ဦး က ပြောသည်။

 

ဆနွင်းစားသောက်ဆိုင်နှင့် သင်တန်းကျောင်းသည် ပြည်တွင်းပရဟိတ လုပ်ငန်းဖြစ်ပြီး  ကျောင်းသား ကျောင်းသူများ လေ့ကျင့်သင်ကြားရန် ကုန်ကျစရိတ်၏ ၈၅ ရာခိုင်နှုန်းကို ဆနွင်း စားသောက် ဆိုင် ရောင်းရငွေမှ ပြန်လည်ရရှိပြီး ၁၅ ရာခိုင်နှုန်းကို နိုင်ငံခြားအလှူရှင်များမှ ရရှိကြောင်း၊ စားသောက်ဆိုင်၏ ဝင်ငွေ ၉၀ ရာခိုင်နှုန်းမှာ နိုင်ငံခြားခရီးသွားများမှ ရရှိခြင်းဖြစ်ကာ ကိုဗစ်အလွန် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ရေရှည်ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း” ဆနွင်းသင်တန်းကျောင်း တာဝန်ခံ ဦးတင့်လွင်ဦးက ရှင်းပြသည်။

 

ကျော်မင်းဦး(ရေနံချောင်း)