ညောင်ဦး   ၂၃  ဧပြီ

 

ညောင်ဦးမြို့တွင် နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီထိ သွားလာခြင်းမပြုရန် အမိန့်ထုတ်ပြန်ချက်အား လိုက်နာမှု ရှိစေရေး ယမန်နေ့ည ၁၁ နာရီ မိနစ် ၄၀ က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စအဖတပ်ဖွဲ့မှူးနှင့် ပူးပေါင်း အဖွဲ့များသည် ပြည်သူများမလိုအပ်ဘဲ လမ်းများပေါ်တွင် ထွက်ရောက်သွားလာမှုမရှိစေရေး လိုက်လံ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

695

 

အဆိုပါ စစ်ဆေးရေးအဖွဲ့များသည် ညောင်ဦးမြို့သို့ အခြားမြို့နယ်ဒေသများမှ ဝင်ထွက်သွားလာရသည့် ညောင်ဦး-မြင်းခြံ ဝင်ထွက်ဂိတ်၊ ညောင်ဦး-ကျောက်ပန်းတောင်း ဝင်ထွက်ဂိတ်၊  ညောင်ဦးမြို့နှင့် ပုဂံမြို့ပေါ်ရှိ လူသွားလူလာများပြားသည့် လမ်းမကြီးများနှင့် လမ်းဆုံနေရာများအနှံ လိုက်လံ စစ်ဆေးကြောင်း ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းထံမှ သိရသည်။

 

ထိုသို့ လိုက်လံစစ်ဆေးဆောင်ရွက်နေခြင်းသည် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်ထုတ်ပြန်ထား သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညောင်ဉီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ အမိန့် ထုတ်ပြန်ချက်များအား ပြည်သူများတိကျစွာ လိုက်နာဆောင်ရွက်ရန်အတွက်ဖြစ်ကြောင်း သိရှိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)