ကော့သောင်း ၂၆ မေ
သဘာဝပတ်ဝန်းကျင်နှင့် ပင်လယ်သန္တာကျောက်တန်းများ ထိန်းသိမ်းရေးလုပ်ငန်းအဖြစ် မြိတ်ကျွန်းစုအတွင်း ကော့သောင်းခရိုင်၊ ညောင်ဦးဖီး ကျွန်းအနီးအနားရှိ မီးတိုင်၊ ရဲမက်၊ Flower Bay နှင့် Madam Beach အနီးတစ်ဝိုက် ပင်လယ်ရေအောက် သန္တာကျောက်တန်းများ(Coral)ပေါ် ဖုံးအုပ်လျက်ရှိသည့် စွန့်ပစ် ငါးဖမ်းပိုက်များနှင့် အမှိုက်များ ရှင်းလင်းဖယ်ရှားမှုလုပ်ငန်းကို ညောင်ဦးဖီးကျွန်းမှ ကျွမ်းကျင်ရေငုပ်သမားများက ယနေ့တွင် တတိမြောက်နေ့အဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြိတ်ကျွန်းစုအတွင်းရှိ ကော့သောင်းခရိုင် ညောင်ဦးဖီးကျွန်းနေရာ တစ်ဝိုက်သည် ငါးဖမ်းလှေတစ်ချို့မှ ပင်လယ်အတွင်း စည်းကမ်းမဲ့စွန့်ပစ်ခဲ့သည့် ငါးဖမ်းပိုက်ကွန်များ၊ ကြိုးများ၊ ပုလင်းခွံများ၊ အချိုရည်ဘူးခွံများ၊ ပလတ်စတစ်များကြောင့် သန္တာကျောက်တန်းများပေါ် ဖုံးအုပ်ငြိတွယ်ကာ သဘာဝသန္တာကျောက်တန်း (Coral)များ မျိုးတုန်းပျက်စီးကြရပြီး ပင်လယ်ပြင်ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိကာ ရေနေသတ္တဝါမျိုးစိတ်များ သေဆုံးကြရသဖြင့် ယင်းကဲ့သို့ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ညောင်ဦးဖီး ဟိုတယ်နှင့် ရီဆော့မှ တာဝန်ခံတစ်ဦးက ပြောသည်။

သန္တာကျောက်တန်းများပေါ် ကပ်ငြိနေသည့် ပင်လယ်အတွင်း စွန့်ပစ်ငါးဖမ်းပိုက်ကွန်နှင့် ငါးဖမ်းပစ္စည်းများကို ဖယ်ရှားရှင်းလင်းရာတွင် စုစုပေါင်းအလေးချိန် ကီလိုဂရမ်(၃၀) အထိရရှိခဲ့ကြောင်း ရေငုတ်ကျွမ်းကျင်ပညာရှင် တစ်ဦးက ပြောသည်။

အဆိုပါ သန္တာကျောက်တန်းများပေါ်မှ စွန့်ပစ်ပစ္စည်းများ ရှင်းလင်းခြင်းလုပ်ငန်းများကို ရေငုတ်ကျွမ်းကျင်ပညာရှင် Mr. Fong Young (PADI Diving Instructor)မှ ဦးဆောင်ပြီး ကျွမ်းကျင်ရေငုပ်သမား (၃)ဦးနှင့် ရေပေါ်ရေအောက် အထောက်အကူပြု အဖွဲ့ဝင် (၆) ဦးဖြင့် TZK ဟိုတယ်နှင့် ခရီးသွားကုမ္ပဏီ၊ ညောင်ဦးဖီး ဟိုတယ်နှင့်ရီဆော့မှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)
