ညောင်ဦး ၂၉ ဧပြီ    

 

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့ အမှတ်(၃) မြို့မကွက်သစ်ရပ်တွင် ဧပြီ ၂၈ ရက် ည ၇ နာရီ မိနစ် ၂၀ က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက်  ည ၇ နာရီ မိနစ် ၂၀ က ညောင်ဦးမြို့၊ အမှတ်(၃) မြို့မကွက်သစ်ရပ်နေ ဦးစိုးသိန်းလှိုင် ပိုင်ဆိုင်သော အလျား ၁၅ ပေ၊ အနံပေ ၂၀၊ အမြင့် ၂၀ ပေရှိ နှစ်ထပ်သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်း နေအိမ်တွင် သားမက်ဖြစ်သူ ဦးကျော်နိုင်သူ(ခ)ကိုအက္ကဘားသည် နေအိမ်အတွင်း မီးဖိုချောင်၌ ရေနွေးအိုးတည်ထားသော မီးဖို မီးကြွင်းမီးကျန်မှ တစ်ဆင့် အကာထရံအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ရာသို့ ညောင်ဦးခရိုင်မီးသတ်ဦးစီးဌာနမှ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် တစ်စီး၊ အထောက်အကူပြုယာဉ် တစ်စီးတို့နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များမှ ရေသယ်ယာဉ် နှစ်စီး၊ ရပ်ကွက်နေပြည်သူများနှင့် ဝိုင်းဝန်းပူးပေါင်း ငြှိမ်းသတ်ရာ ည ၇ နာရီ ၃၆ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး  မီးလောင်မှုကြောင့် ညောင်ဦးမြို့၊ အမှတ်(၃) မြို့မကွက်သစ်ရပ်နေ ဦးစိုးသိန်းလှိုင် ပိုင်ဆိုင်သော အလျား ၁၅ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၂၀ ပေရှိ နှစ်ထပ်သွပ်မိုး၊ ထရံကာ၊ ကွန်ကရစ်ခင်း နေအိမ်ရှိ (၄ ပေ× ၆ ပေ) ထရံ ၂ ချပ် မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးကို ပေါ့ဆစွာ အသုံးပြုသူ ညောင်ဦးမြို့၊ အမှတ်(၃)မြို့မကွက်သစ်ရပ်နေ ဦးကျော်နိုင်သူ(ခ)ကိုအက္ကဘား ဆိုသူအား ညောင်ဦးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။ 

 

 ရဲဝင်းနိုင် (ညောင်ဦး)

 

AAD