ညီလာခံသဘာပတိ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၏ နိဂုံးချုပ် အမှာစကား

နေပြည်တော် ၁၆ ဇူလိုင်

 

ယနေ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးကို ကျင်းပနိုင်ခြင်းသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် နောင်မျိုးဆက် လူငယ်များအတွက် ကောင်းမြတ်သည့်ငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းနိုင်ရန်အတွက် အရွေ့တစ်ခုပင်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍအသီးသီးတို့မှ အခြေခံမူဝါဒ ၃၇ ချက်ကိုညှိနှိုင်းဆွေးနွေး သဘောတူညီမှုရရှိခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း(၁)အဖြစ် ချုပ်ဆိုနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင်လည်း နိုင်ငံရေးကဏ္ဍမှ အခြေခံမူ ၄ ချက်၊ စီးပွားရေးကဏ္ဍမှ အခြေခံမူ ၁ ချက်၊ လူမှုရေးကဏ္ဍမှ အခြေခံမူ ၇ ချက်နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍမှ အခြေခံမူ ၂ ချက် စုစုပေါင်း ၁၄ ချက်တို့ကို ညှိနှိုင်းဆွေးနွေးသဘောတူညီမှု ရရှိနိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း(၂)အဖြစ် ချုပ်ဆိုနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။ 

 

မိမိတို့နိုင်ငံ၌ဖြစ်ပွားခဲ့ရသည့်၊ ဖြစ်ပွားနေဆဲဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခြင်း၏ မူလအရင်းခံဇစ်မြစ်ကိုလေ့လာကြည့်လျှင် ကိုလိုနီခေတ်ဗြိတိသျှ လက်ထက်ကတည်းက ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်နှင့် နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေးတို့ကိုအခြေခံပြီး ပေါ်ပေါက်လာရသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။ 

 

တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်၏ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုသမိုင်းတွင် ထဲထဲဝင်ဝင်ပူးပေါင်းပါဝင်ပြီး အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်များ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တိုင်းရင်း သားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးအတွက် ဆောင်ရွက်ချက်များကိုသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဆက်လက်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများတွင်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာအခြေခံမူတွေကို ချမှတ်နိုင် ရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။ 

 

တိုင်းပြည်၏အင်အားသည် ပြည်တွင်း၌သာရှိပါကြောင်း၊ ကိုယ့်တိုင်းပြည်ကိုယ့် လူမျိုးကိုတစ်ကယ်ချစ်လျှင် နိုင်ငံ၏တိုးတက်မှုလမ်းကြောင်းတွင် အဟန့်အတားဖြစ်စေ သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို အချိန်မဆိုင်းဘဲ ပယ်ရှားပစ်ရန် စိတ်ရင်းစေတနာမှန်နှင့် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်မရေးထိုးရ သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း အမြန်ဆုံးပါဝင် လက်မှတ် ရေးထိုးနိုင်ရေးကိုလည်း တိုက်တွန်းလိုပါကြောင်း။ 

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးတွင် မိမိတို့အားလုံး၏ ကြိုးပမ်းဆွေးနွေးဆောင်ရွက်မှုများမှ ရရှိသည့်ရလဒ်ကောင်းများကို အနာဂတ်နိုင်ငံတော်အတွက်၊ အနာဂတ် မြန်မာ့မျိုးဆက် များအတွက် လေးလေးနက်နက်ခံယူပြီး စိတ်ရင်းစေတနာမှန်မှန်ဖြင့် အောင်မြင်ပြီးမြောက်အောင် စုပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေး ဆက်လက်ဆောင်ရွက်သွားကြပါဟု အလေးထား တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။ 

 

သတင်းစဉ်