ညီညွတ်ခြင်းသည် အင်အား

၁၂ ဖေဖော်ဝါရီ

နိုင်ငံသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစိတ်ဓာတ်ရှိမှသာ ပြည်ထောင်စုဆိုတဲ့ အဓိပ္ပာယ်က ပြည့်စုံမယ်လို့ခံယူပါတယ်” “ပြည်ထောင်စုဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုကို ဖော်ဆောင်တယ်လို့မြင်ပါတယ်” “တိုင်းရင်းသားအားလုံး စိတ်ဓာတ်ညီညီ လက်တွဲချင်တယ်၊ ပြည်ထောင်စုတိုင်းရင်းသားအားလုံး အေးအတူ ပူအမျှ အတူတူစုပေါင်း နေထိုင်မှုကို လိုချင်တယ်” “ပြည်ထောင်စုတိုင်းရင်းသားတွေအားလုံး ဥမကွဲသိုက်မပျက် စည်းစည်းလုံးလုံး အတူရှိနေချင်ပါတယ်” “ကျွန်မတို့ တိုင်းရင်းသားတွေအကုန်လုံး တစည်းတလုံးတည်းပါ၊ အားလုံးဟာ ညီအစ်ကိုမောင်နှမတွေဖြစ်တယ်” “ပြည်ထောင်စုစိတ်ဓာတ်ဆိုတာက နိုင်ငံတစ်ဝန်းက ပြည်ထောင်စုသားအားလုံး စိတ်ဓာတ် တစ်ထပ်တည်းကျပြီဆို အဲ့ဒါပြည်ထောင်စုစိတ်ဓာတ်လို့ ယူဆပါတယ်စသည်ဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်းများ၏ ပြောစကားများကို တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖတ်ရှုရသည်မှာ စိတ်နှလုံး ချမ်းမြေ့ဖွယ်ပင်ဖြစ်သည်။

 

 

အရောင်မခြယ်သော ဟန်ဆောင်ပလွှားမှု ကင်းစင်သော ရင်တွင်းစကားများကို ထုတ်ဖော် ပြောကြားကြသူများတွင် ကချင်၊ ကယား၊ ကယန်း၊ ကရင်၊ ချင်း၊ ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ပအိုဝ်း အစရှိသည့် တိုင်းရင်းသူတိုင်းရင်းသား မောင်မယ် လူငယ် လူလတ်များ ပါဝင်သည်။ သူတို့သည် (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအပြီး နေပြည်တော်မြို့တော်ခန်းမ၊ လဟာပြင်ကဇာတ်ရုံတွင် ဖျော်ဖြေကြမည့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များတွင် ပါဝင်ကြသူများလည်း ဖြစ်သည်။ သူတို့၏ ပြောစကားများက ပြည်ထောင်စုကြီး တစ်ဝန်းလုံးတွင် မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ပြည်ထောင်စုစိတ်ဓာတ်ကို ကိ်ုယ်စားပြုနေသည်ဟုလည်း ဆင်ခြင်တွေးတောမိသည်။

 

 

ညီညွတ်ခြင်းနှင့်စပ်လျဉ်း၍ မြတ်ဗုဒ္ဓကသမဂ္ဂါနံ တပေါသုခေါညီညွတ်ခြင်းသည် ချမ်းသာခြင်း အမှန်ဖြစ်ကြောင်း ဟောကြားတော်မူခဲ့သည်။ စည်းလုံးညီညွတ်မှု ပြိုကွဲပါက အင်အားချည့်နဲ့လှစွာဖြင့် တစ်ပါးသူတို့ ဝါးမျိုခြင်းကိုခံရမည်ဖြစ်ပြီး စည်းလုံးညီညွတ်မှသာ ကမ္ဘာလောကအလယ်တွင် ထည်ထည်ဝါဝါဖြင့် ခေါင်းမော့ကာ နေနိုင်မည်ဖြစ်သည်။ စည်းလုံးညီညွတ်ရေးအတွက် သင်ခန်းစာပေးရာတွင် အဘိုးအိုတစ်ဦးနှင့် သူ၏သားများ ပုံဝတ္ထုသည်လည်း ရှေးနှစ်ပေါင်းများစွာမှသည် ယနေ့တိုင်အောင် ထင်ရှားသည်။ အီစွပ်ပုံပြင်များအနက်မှ ပုံပြင်တစ်ပုဒ်ဖြစ်သည့် ယင်းပုံပြင်တွင် လယ်သမားအဘိုးအိုတစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ရန်စောင်နေကာ မသင့်မမြတ်ဖြစ်နေသော သူ၏သားများကိုခေါ်၍ ထင်းစည်းတစ်စည်းကို မဖြည်ဘဲ အစည်းလိုက်ချိုးခိုင်းသည်။ ထင်းစည်းကို အစည်းလိုက်မည်သူမျှ ချိုးနိုင်ခြင်း မရှိကြ။ ထိုအခါ ထင်းစည်းကိုဖြည်၍ ထင်းတစ်ချောင်းချင်း ချိုးခိုင်းသည့်အခါ ထင်းချောင်းများ ကျိုးကုန်သည်။ ထိုအခါမှ အဘိုးအိုက သားများကို ထင်းစည်း၏ဥပမာကို ထင်ရှားစွာပြသ၍ စည်းလုံးညီညွတ်ရေးအတွက် ဆုံးမစကားဆိုသည်။ တစည်းတလုံးတည်းသော အင်အား၏ တောင့်တင်းခိုင်မာမှုကို မည်သူမျှမချိုးနိုင်၊ မဖျက်ဆီးနိုင်။ မညီမညွတ် မသင့်မမြတ်ဖြစ်၍ ထင်းအစည်းပြေသကဲ့သို့ ဖရိုဖရဲပြိုကွဲသောအခါ တစ်ပါးသူက အလွယ်တကူချိုးဖဲ့ဖျက်ဆီးခြင်းကို ခံရမည်ဖြစ်သည်။

 

ညီညွတ်ခြင်းသည် ချမ်းသာခြင်းကို ဆောင်ကြဉ်းပေး၏။ ညီညွတ်ခြင်းသည် အင်အားလည်းဖြစ်၏။ ညီညွတ်ခြင်း၏ အကျိုးတရားကို ယဉ်ကျေးမှု မြင့်မားလာချိန်မှစ၍ လူ့အဖွဲ့အစည်းများက သမိုင်းတစ်လျှောက် သင်ကြားပေးခဲ့ကြသလို ပစ္စုပ္ပန်ကာလတွင်ရော၊ အနာဂတ်ကာလတွင်ပါ ဆက်လက်၍ မှန်ကန်နေဦးမည်၊ လိုအပ်နေဦးမည်လည်းဖြစ်သည်။ တိုင်းရင်းသားများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စု နိုင်ငံတစ်ခုဖြစ်သော မိမိတို့နိုင်ငံတွင်မူ စည်းလုံးညီညွတ်မှုကို အသက်တမျှ တန်ဖိုးထားကာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း