၇  မတ်

 

နိုင်ငံတော်အစိုးရသည် ပြည်သူအားလုံး လိုလားတောင့်တသည့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဖွင့်လှစ်၍ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မဟာဗျူဟာများချမှတ်ကာ တိကျစွာ ဖော်ထုတ်ဆောင်ရွက်လျက်ရှိသည်။ ဦးစွာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုလက်မှတ်ရေးထိုးပြီး ကျယ်ပြန့်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြသောကြောင့် အောင်မြင်မှုများ ရရှိနေသော်လည်း ကျန်လက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးရေးနှင့် ပဋိပက္ခများရပ်တန့်ရေးကို ကြိုးပမ်းအားထုတ်နေရဆဲဖြစ်သည်။

 

ယနေ့ ပြည်တွင်းမငြိမ်းချမ်းမှုများမှာ ခံယူချက် မတူကွဲပြားမှု၊ ယုံကြည်မှု မတည်ဆောက်နိုင်မှုအပေါ်တွင် တည်မှီနေပြီး ရလဒ်များမှာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ ဆိုးမွေများနှင့် ရင်ဆိုင်နေကြရ သည်ကိုသိရှိထားကြမည်ဖြစ်ပေသည်။ အကျိုးဆက်မှာ တိုင်းရင်းသား ပြည်သူများ စစ်ဘေးဒဏ်ကိုခံစားကြရပြီး မိမိဒေသ၊ မိမိတိုင်းပြည် တိုးတက်ရေးတွင် အခြားနိုင်ငံများအား လိုက်မမီနိုင်ဘဲ ကျန်ရစ်နေသေးသည်ကို အားလုံး အသိပင်ဖြစ်သည်။

 

လိပ်ခဲတည်းလည်းဖြစ်နေသည့် အဖြေမထုတ်နိုင်သော ပုစ္ဆာတစ်ပုဒ်အတွက် ဘုံအဖြေတစ်ခုကိုထုတ်ကာ အဖြေရှာကြရမည်ဖြစ်သည်။ ထိုဘုံအဖြေမှာ ဒီမိုကရေစီ၏ အနှစ်သာရပင်ဖြစ်သည်။ ယနေ့ နိုင်ငံတော်သည်လည်း ဒီမိုကရေစီစနစ်ကို ဦးတည်သွားနေပေသည်။ တိုင်းရင်းသားပြည်သူများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သဖြင့် တိုင်းရင်းသားပြည်သူများ၏ လိုအင်ဆန္ဒနှင့်အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို မျှော်မှန်းတည်ဆောက် နေသည်။

 

လက်ရှိ ကြုံတွေ့နေရသော ပြဿနာအရင်းအမြစ်များကို ဆန်းစစ်ကြည့်မည်ဆိုလျှင် မတူကွဲပြားမှုများကို တစ်ဖက်နှင့်တစ်ဖက် အသိအမှတ်မပြုနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် မတူကွဲပြားမှုများကို အသိအမှတ်ပြုပြီး ညီညွတ်မှုတည်ဆောက်ခြင်း အခြေခံအုတ်မြစ်မှတစ်ဆင့် ဘုံရည်မှန်းချက်များကို နားလည်မှုရှိစွာဖြင့် ဆွေးနွေးအဖြေရှာကြရမည်ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပန်းတိုင်သို့အရောက်ချီတက်နိုင်မည့် ညီညွတ်မှုကို တည်ဆောက်ရမည်ဖြစ်သည်။

 

ထိုသို့တည်ဆောက်နိုင်ရန်အတွက် ငြိမ်းချမ်းရေးတံခါးကို နိုင်ငံတော်က အချိန်မရွေး ဖွင့်လှစ်ပေးထားပြီး ဆွေးနွေးအဖြေရှာကြရန် ဖိတ်ခေါ်လျက်ရှိသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ တိုးတက်မှုများရှိခဲ့ပြီး ရပ်တန့်မှုများ မရှိအောင်၊ နောက်ဆုတ်မှုများမရှိအောင် ဝိုင်းဝန်းလက်တွဲ တွန်းတင်ကြရမည်ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေသော အနေအထားမှ အပေါင်းလက္ခဏာဆောင်ပြီး ပိုမိုကောင်းမွန်သည့် အရွေ့တစ်ခုကိုဖန်တီးနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်။

 

ယနေ့ ကမ္ဘာပေါ်တွင် မငြိမ်းချမ်းမှုများ၊ ပဋိပက္ခများရှိနေသော်လည်း အကျိုးရလဒ်ကောင်းများစွာရှိသည့် ငြိမ်းချမ်းရေးကို သူ၊ ငါ လိုလားကြ သဖြင့် မည်မျှအင်အားကြီးသည်၊ ငယ်သည်ဖြစ်စေ၊ မည်မျှ ရန်ဘက်ဖြစ်သည်၊ မုန်းဘက်ဖြစ်သည်ဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် တွေ့ဆုံအဖြေရှာ ခြင်းဖြင့် ငြိမ်းချမ်းခြင်းအား ရှာဖွေနေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံးတို့သည် ဘာသာတရားအရဖြစ်စေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံအရ ဖြစ်စေ အခြားနိုင်ငံများနှင့် မတူသည့် ယဉ်ကျေးသော စရိုက်လက္ခဏာများ၊ မေတ္တာတရားများ၊ တွေးခေါ်မြော်မြင်မှုများ ရှိကြပြီးဖြစ်သည်။ နိုင်ငံ၏ပကတိလိုအပ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်သည်ကိုသိရှိကြပြီးဖြစ်သည့် မိမိတို့အားလုံးအနေဖြင့် ညီညွတ်မှုကိုရှေးရှု၍ အကျေအလည်ဆွေးနွေးအဖြေရှာပြီး ရည်မှန်းချက်တူရာ တို့ကို ရှာဖွေဖော်ထုတ်သွားကြရမည် ဖြစ်သည်။

 

ထိုသို့ရှာဖွေဖော်ထုတ်ရာတွင် ခေါင်းဆောင်များ၏ညီညွတ်မှုသည်ပြည်သူလူထုညီညွတ်မှုကို အခြေခံသည်ဖြစ်၍ ပြည်သူလူထု ညီညွတ်ရေးကိုရှေးရှုရမည်ဖြစ်သည်။ ပြည်သူလူထုညီညွတ်ရေးကို ရှာဖွေရမည်ဖြစ်သည်။ ပြည်သူလူထု၏ စုပေါင်းအင်အားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်အောင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် မတူကွဲပြားမှုများကို အလေးထားပြီး ပြည်သူလူထု တစ်ရပ်လုံးအား အတတ်နိုင်ဆုံး အညီအမျှဖြစ်စေမည့် ဘုံရည်မှန်းချက်များကို အကျေအလည်ဆွေးနွေးညှိနှိုင်း ရှာဖွေဖော်ထုတ်ကြရမည် ဖြစ်ပါသတည်း။ ။

 

ကြေးမုံ