ညီညွတ်မှုဖြင့် ဒီမိုကရေစီနိုင်ငံတည်ဆောက်

နေပြည်တော် ၁၅ စက်တင်ဘာ

 

နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံခန်းမ၌ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကို ကျင်းပလာခဲ့သည်မှာ အဋ္ဌမအကြိမ်ရှိပြီ။ နှစ်စဉ်စက်တင်ဘာလ ဤနေ့၌ ဒီမိုကရေစီအခင်းအကျင်းကို ပုံဖော်နေသည့် လွှတ်တော်အဆောက်အအုံတွင် ဒီမိုကရေစီနေ့ အခမ်းအနားကျင်းပခြင်းကိုလေ့လာကြည့်ရှုခြင်းဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်ပေါ်တိုးတက်မှုများကို ခန့်မှန်းကြည့်နိုင်မည်ဖြစ်သည်။ 

 

ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလအတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေးပြုပြင်ပြောင်းလဲမှုစသည်တို့ကို ဖော်ဆောင်ရာ၌ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူတို့၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို တစ်ခုပြီးတစ်ခု တက်တက်ကြွကြွ အကောင်အထည်ဖော်နေသည်မှာ အထင်အရှားဖြစ်သည်။

 

ဤကဲ့သို့ ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက်ရာ၌ ပိုမိုကျယ်ပြန့်နက်ရှိုင်းသော အခြေခံကျသည့် ပြုပြင်ပြောင်းလဲမှု အခြေခံအုတ်မြစ်များကို တစ်ခုနှင့်တစ်ခုချိတ်ဆက်ပြီး ကြိုးပမ်းတည်ဆောက်နေ ခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်။ ထိုသို့ များပြားလှသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည် တစ်နေ့၊ တစ်ရက်၊ တစ်ခဏချင်းဆောင်ရွက်၍ရနိုင်သည့် လုပ်ငန်းကိစ္စများ မဟုတ်ချေ။ အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် အကန့်အသတ်များစွာရှိသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသက်တမ်းမှာနုနယ်သေးသည်ဟု ဆိုနိုင်ရာ ဒီမိုကရေစီစနစ်နှင့် ထိုက်တန်သည့် အတွေးအမြင်နှင့် လုပ်ဆောင်မှုများကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရမည် ဖြစ်သည်။ အဓိကမှာ စိတ်ရှည်သည်းခံခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ဖြင့်အလုပ်လုပ်ကြရမည် ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများနှင့် အဖွဲ့အစည်းအားလုံးအနေဖြင့် မိမိတို့၏ အလုပ်တာဝန်များကို တာဝန်သိသိ၊ တာဝန်ကျေကျေ၊မခိုမကပ်ဘဲ ရိုးသားဖြောင့်မတ်စွာဖြင့် အလုပ်လုပ်ကြရန် လိုအပ်မည်ဖြစ်သည်။ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအင်အားစုများအနေဖြင့် မှန်ကန်သည့် စေတနာဖြင့် နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုရမည်ဖြစ်သည်။ဤသည်မှာ ဒီမိုကရေစီနှင့်ထိုက်တန်သည့် မလွဲမသွေ ထမ်းဆောင်အပ်သော သိတတ်မှုနှင့် တာဝန်ဖြစ်သည်။

 

ဤသို့သော စိတ်ထားများဖြင့် ခံယူဆောင်ရွက်ကြမှလည်း ကြုံတွေ့ရသည့် အခက်အခဲများကို ကျော်လွှားနိုင်ပြီး နိုင်ငံ အမှန်တကယ် တိုးတက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှ မျက်မှောက် ကာလအထိ အကြောင်းအမျိုးမျိုးတို့ကြောင့် ပြည်သူများ၏ မျှော်လင့်ချက်များကို အပြည့်အဝ အကောင်အထည်မဖော်နိုင်သေးဘဲ အချို့မှာအိပ်မက်အဆင့်၌ ရှိနေဆဲပင်ဖြစ်သည်ကို အထူးသတိပြုရန် လိုအပ်သည်။ ညီညွတ်မှုကိုအခြေခံပြီး အလုပ်နှင့် စေတနာ၊ စေတနာနှင့် စည်းကမ်းလိုက်နာမှုတို့ပေါင်းစပ်၍ နိုင်ငံတော်နှင့် ပြည်သူအကျိုးကို သယ်ပိုးထမ်းဆောင်ကြရန်အရေးတကြီးလိုအပ်နေသည်။ ခေါင်းဆောင်ကောင်းတို့၏ ဦးဆောင်မှုဖြင့်ပေါင်းစည်း၍ အလုပ်လုပ်ရမည့် အချိန်အခါကောင်းဖြစ်သည်။

 

အတ္တကြီးမှု၊ စည်းကမ်းမဲ့မှု၊ အတွေးအမြင်တိမ်းစောင်းမှု၊ ပုဂ္ဂိုလ်စွဲ၊ဝါဒစွဲကြီးမှု၊ နိုင်ငံတော်ကပြဋ္ဌာန်းထားသော စည်းကမ်းဥပဒေတို့ကိုလိုက်နာရန်ပျက်ကွက်မှုတို့သည် ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးမှု၊ရှင်သန်ဖြစ်ပေါ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အဟန့်အတားဖြစ်စေပါသည်။ဒီမိုကရေစီစနစ် ရှင်သန်အားကောင်းလာစေရေးအတွက် အဓိကအချက်မှာနိုင်ငံသူ နိုင်ငံသားအားလုံး ချမှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်းဥပဒေများကို လိုက်နာကျင့်သုံးတတ်ရေးနှင့်ကိုယ်စီကိုယ်စီ အသိစိတ်ဓာတ်ဖြင့်တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ရေး ဖြစ်သည်။

 

သို့ဖြစ်ရာ ဖြတ်သန်းလာသော ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလတစ်လျှောက် ကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုများ၊ အခက်အခဲများကို သင်ခန်းစာရယူ၍ ရှောင်သင့်သည်များကိုရှောင်၊ ဆောင်သင့်သည်များကို ဆောင်ကြပြီး အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူအားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲတည်ဆောက်ကြရန်အရေးကြီးပါကြောင်း။ ။