ဇန်နဝါရီ ၆

“လွတ်လပ်ရေးဆိုတာ ဖျတ်ခနဲဆုံးရှုံးသွားတတ်တဲ့သဘောရှိပြီး ဆုံးရှုံးသွားပြီး မှ ပြန်လည်ရယူဖို့ ကြိုးစားတာဟာ နှစ်နဲ့ချီပြီး ကြာရှည်တတ်တဲ့သဘောရှိပါတယ်။ ဒါကြောင့်မို့လို့ လွတ်လပ်ရေးနဲ့အချုပ်အခြာအာဏာ ကမ္ဘာတည်သရွေ့ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ အတူလက်တွဲပြီး ဆက်လက်ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြဖို့ အလေး အနက်ထားတိုက်တွန်းပြောကြားအပ်ပါတယ်”   ဟု   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားခဲ့သည်။ 


မြန်မာနိုင်ငံသည် နယ်ချဲ့အင်္ဂလိပ်တို့နှင့် မတရားကျူးကျော်စစ်ကို သုံးကြိမ် ဆင်နွှဲခဲ့ရသည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲကို အတိအလင်းကြေညာပြီးနောက်  မြန်မာပိုင်နက် နယ်နိမိတ်ဧရာဝတီမြစ် အောက်မြစ်စဉ် စစ်ကြောင်းတစ်လျှောက်တွင် မြန်မာစစ်သည်များက သက်စွန့် ကြိုးပမ်းခုခံတွန်းလှန်ခဲ့ကြသော်လည်း လက်နက်အင်အားကွာခြားမှုကြောင့် အရှုံး ပေးခဲ့ရပြီး ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာဘုရင် ပါတော်မူကာ တစ်တိုင်းပြည်လုံး ကျွန်ဘဝသို့ ကျရောက်ခဲ့ရသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာသည် ရက်ပေါင်း ၂၀ ကျော်အတွင်း ဆုံးရှုံးသွားခဲ့ရသည်။ ၁၈၂၄ ခုနှစ် ပထမ အင်္ဂလိပ်- မြန်မာစစ်ပွဲမှစတင်၍ ၁၉၄၈ ခုနှစ်အထိ ဆုံးရှုံးသွား သော မြန်မာတို့၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့ရသည်မှာ နှစ်ပေါင်း ၁၂၃ နှစ် ကြာခဲ့ပေသည်။


ထို့ကြောင့် နှစ်ပေါင်းထောင်ချီ တည်တံ့ခိုင်မြဲခဲ့သည့် လွတ်လပ်ရေးကို စနစ် တကျ ကြိုတင်ပြင်ဆင်၍ ခေတ်အမြင်ဖြင့် ကာကွယ်စောင့်ရှောက်ခြင်းမပြုနိုင်ပါ က အချိန်တိုအတွင်း အလွယ်တကူဆုံးရှုံးသွားခဲ့ရသည်ကို သင်ခန်းစာယူပြီး နှစ်ပေါင်းတစ်ရာကျော် အသက်ပေါင်း၊ ဘဝပေါင်းများစွာ ပေးဆပ်ပြီးမှ ရယူခဲ့ရသည့် လွတ်လပ်ရေးကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့ခိုင်မြဲနေစေရန်အတွက် အဘက်ဘက်တွင်  ကြိုတင်ပြင်ဆင်၍  ခေတ်အမြင်ဖြင့်  ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။ အဘက်ဘက်တွင် ကြိုတင်ပြင်ဆင်ထားရမည်ဆို ရာ၌ နိုင်ငံတော်၏တပ်မတော်ကြီးကို အင်အားတောင့်တင်းခိုင်မာသည့် ခေတ်မီ တပ်မတော်ကြီးအဖြစ် တည်ဆောက်ထားရမည်ဖြစ်သလို တိုင်းရင်းသားပြည်သူ အားလုံး  စည်းလုံးညီညွတ်မှုနှင့်   နိုင်ငံ၏ဓနအင်အား   တောင့်တင်းခိုင်မာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။


မျက်မှောက်ကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာ နိုင်ငံ၏ သမိုင်းပေးတာဝန်အရပ်ရပ်တို့အပေါ်မူတည်၍   ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ချမှတ်ကာ မြန်မာနိုင်ငံ၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲနေစေရန်အတွက် အဘက်ဘက်တွင် မလစ်ဟင်းစေ ရအောင်   ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်နေသည်ကို  တွေ့ရမည်ဖြစ်သည်။ ဖြတ်သန်းလာခဲ့သော သမိုင်းကြောင်းအတွေ့အကြုံများအရ နိုင်ငံတော်နှင့် ပြည်သူ လူထုအတွက် အသင့်လျော်ဆုံးဖြစ်သော “စစ်မှန်စည်းကမ်းပြည့်ဝသည့်  ပါတီစုံ ဒီမိုကရေစီစနစ်ခိုင်မာရေး”နှင့် “ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို   အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး”ဟူသည့် နိုင်ငံရေးရည်မှန်းချက်(၂)ရပ်ကို ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။ ထို့အပြင် ပြည့်အင်အားသည် ပြည်တွင်းမှာ သာရှိသည်ဖြစ်၍ “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး”ဟူသည့် အမျိုးသားရေးမူဝါဒ(၂)ရပ်တို့ကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ဦးတည်ကြိုးပမ်း ဆောင်ရွက်နေသည်။


တစ်ဆက်တည်းတွင် လွတ်လပ်ရေးရပြီးကတည်းက လက်နက်ကိုင်ပဋိပက္ခ များနှင့်ကြုံတွေ့ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူအကျိုးကိုရှေးရှုပြီး သက်ဆိုင်သူ အားလုံးက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို စိန်ရတုလွတ်လပ် ရေးနေ့မှစတင်၍ အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော် ၏ အနာဂတ်နှင့်မျိုးဆက်များအတွက် ကောင်းသောအမွေထားရှိနိုင်ရန် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိသည် ကို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ခဲ့ သည့် သမိုင်းကြောင်းတစ်လျှောက်တွင်  ပြဆိုထားပြီးဖြစ်၍  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး၊ ညီညွတ်ရေး၊  ကမ္ဘာ့နိုင်ငံများနှင့်  ရင်ပေါင်တန်းနိုင်ရေးတို့အတွက် ပြည်တွင်းအင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြရန် တိုက်တွန်းအပ်ပါ ကြောင်း။        ။

ကြေးမုံ