၁၁ ဧပြီ
“သင်္ကြန်ခါတော် ရေကစားကြတာ ပျော်ရွှင်စရာ လောင်းကာပက်ကာ မောင်ရင်းနှမပမာ ကြည်လင်စွာ အို... ရေကစားမှာ ရေကစားမှာ ညိုမြတော့ အခေါ်မခံနိုင်ဘူးဆရာ”
ရာသီစက်ဝန်းသည် တရွေ့ရွေ့ပြောင်းနေပြီ။ အတာကူးတော့မည်။ဟိုနားက တူးပို့ တူးပို့၊ ဒီနားက တုန်ချမ်းချမ်း တုန်ချမ်းချမ်း နှစ်ကျိပ်ရှစ်ဆူ မဏ္ဍပ်များမှ သီချင်းသံတွေ တိုးတိုးဝှေ့ဝှေ့ ပျံ့လွင့်လာကြသည် ။
သင်္ကြန်ကျတော့မည်။ ပိတောက်ဖူးတွေ အစီအရီဖူးကြပြီ၊ ငုဝါတွေကတော့ ထိန်ထိန်ဝါနေကြပြီ။ မောင်တို့ မယ်တို့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပြီ။ သင်္ကြန်တွင်ပျော်ရွှင်ဖို့အတွက် ကြိုတင်ပြင်ဆင်ကြပြီ။ ရေပက်ခံထွက်မယ်၊ မဏ္ဍပ်ထိုင်မယ်၊ သူငယ်ချင်းတွေနဲ့ တီးတိုးတီးတိုးလုပ်ကြပြီ ။
နှစ်စဉ် သင်္ကြန်ပွဲတော်သည မြန်မာလူမျိုးတို့၏ ပျော်ရွှင်စရာအကောင်းဆုံး ပွဲတော်ဖြစ်သည်။ လူကြီး၊ လူငယ်မရွေး ပျော်ကြသည်။ “တရား” နှင့် ပျော်ကြသည်၊ “ကစား” နှင့်ပျော်ကြသည်။ သင်္ကြန်နီးလာတာနှင့်အမျှ သင်္ကြန်ပိုးရှိသူတွေ မနေနိုင်တော့ပြီ။
နှစ်စဉ်ကျင်းပကြသည့် သင်္ကြန်ပွဲတော်တွေမှာ နှစ်တွေပြောင်း၊ ခေတ်တွေ ပြောင်းလာတာနှင့်အမျှ၊ ပျော်ပုံပျော်နည်း စနစ်တွေ ပြောင်းကုန်ကြသည်။ ယခင်က သင်္ကြန်ကာလ ငွေဖလားဖြင့် ရေလောင်းကြသည်။ အမျိုးသမီးတွေ ဝတ်စုံဆင်တူဝတ်၍ ရေကစားကြသည်။ သပြေခက်နှင့်ရေပက်ကြသည်။ နောက်ရေပိုက်ဖြင့်၊ မီးသတ်ပိုက်ဖြင့် ပက်ကြသည်။ ကားပေါ်မှာ အမျိုးသားကြီးတွေက မိန်းမလိုဝတ်ပြီး ဟာသနှောကြတာတွေလည်း တွေ့ဖူးသည်။ နို့ဆီခွက်တွေဖြင့် ခွက်စောင်းခုတ်ပက်ကြသည်။ ရေပူဖောင်းနှင့် ပစ်ပေါက်ကြသလို ရေခဲထုပ်ဖြင့် ပစ်ပေါက်သည့် နှစ်တွေလည်း ရှိခဲ့သည်။
ဟိုတုန်းက ရေအားကို တအားသုံးပြီး ရေပက်ခံသူတွေ မွန်းအောင်ပက်သည်။ အခုခေတ်တော့ ပိုက်သေးသေး လေးထိပ်မှာ နော်ဇယ်ခေါင်းတပ်ပြီး အသားနာအောင် ခါးကြား၊ လည်ပင်းကြား၊ အကြိုအကြား ထိုးကြသည်။ ရေအားပြင်းပြင်းဖြင့် ပိုက်ကြီးတွေ ပခုံးပေါ်ထမ်းပြီး ထိုးကြသည်။ ပျော်ရွှင်ဖို့အတွက် တစ်ပါးသူနာအောင် စကြသည်။ အပျော်လွန်သည့် အဆင့် ဖြစ်သည်။
ဟိုတုန်းက လုံလုံခြုံခြုံဝတ်ကြသည်။ ရေပက်တာခံနိုင်ဖို့အတွက် ဘောင်းဘီအထူ၊ ဂျာကင်အထူတွေဝတ်သည်။ တဘက်စောင်ကြီးတွေ ခြုံကြသည်။ ရေပက်မဏ္ဍပ်ရောက်လျှင် သူ့ထက်ငါ ကားခေါင်းသို့ တိုးဝှေ့ကပ်ကြသည်။ ရေပက်တဲ့ဒဏ်ကို ပျော်ရွှင်ကြောက်ရွံ့စွာခံကြသည်။ အရသာ တစ်မျိုးပေါ့။
အခုခေတ်တော့ ဝတ်စားဆင်ယင်မှုတွေ ပြောင်းကုန်ပြီ။ အမျိုးသမီးများ တစ်ကိုယ်လုံး ဖော်ရသလောက်ဖော်ကြသည်။ အသားဆိုင်များ ပြလို့ရသလောက် ပြကြသည်။ တချို့ဆို တစ်ကိုယ်လုံးမချွတ်ရုံတမယ် ဝတ်ရဲလာကြသည်။ ဤဝတ်ဆင်မှုဖြင့် ရေပက်ခံထွက်ကြသည်။ မြင်လို့လည်း မကောင်း၊ ရေပက်ခံတော့လည်း တစ်ကိုယ်လုံးဒဏ်ရာ အနာတရ၊ နောက်ဆုံးတော့ ရေပက်ခံနိုင်ဖို့အရက်၊ ဘီယာ၊ မူးယစ်ဆေးသောက သုံးလာကြသည်။ မလုပ်ချင်လည်း လုပ်ချင်လာသည်။ မလုပ်ရဲလည်း လုပ်ရဲလာသည်။ စိတ်အသိမရှိတော့ရဲတင်းစွာ လှုပ်ရှားတော့သည်။ “ငါသည် အမျိုးသမီးတစ်ယောက်ပါလား” ဆိုတဲ့ ထိန်းချုပ်နိုင်တဲ့အသိစိတ်မရှိတော့။
ဒါကရေပက်ခံသည့်အဖွဲ့။
ရေပက်သည့် မဏ္ဍပ်ပေါ်ကအဖွဲ့တွေကကော ဆူဝေပွက်လောညံသည့် နိုင်ငံခြားသီချင်းများနှင့် စည်းချက်ညီစွာ လှုပ်ယမ်းကတော့သည်။ မြန်မာမျက်စိဖြင့် အမြင်မတင့်တော့၊ တစ်ကိုယ်လုံးမှာရှိသော အသားဆိုင်တွေ လှုပ်ယမ်းကုန်သည်။ “ကော့ကော်ကန်ကား” ကတဲ့ အကတွေလည်း အမြင်ဆိုးလှသည်။ တီးလုံးကြမ်းကြမ်းဖြင့် ကဖို့အတွက် စည်းချက်ညီဖို့သွေးရဲဖို့လိုသည်။ အဲဒီတော့ အယ်လ်ကိုဟောအားကိုးပြီး စိတ်ကြွဆေးတွေမှီဝဲမည်။
ဒါ.....မြန်မာ့သင်္ကြန်တဲ့လား။
ခေတ်ကိုမီသည်၊ ခေတ်ကိုကျော်သည်၊ ခေတ်ကိုလွန်ပြီ၊ “ယဉ်ကျေးမှုရေချိန်မျဉ်း” ပျက်သွားသည်။ ဘာပဲလုပ်လုပ် “ငါဟာမြန်မာ” ဆိုတာအမြဲအသိရှိဖို့လိုသည်။ ဗုဒ္ဓဘာသာတရားရဲ့အဆုံးအမအောက်မှာ “ဟီရိ ဩတ္တပ္ပ” တရားကို လိုက်နာဖို့လိုသည်။ မောင်နှင့်နှမ၊ သားနှင့်အမိ ကြည့်ဝံ့၊ မြင်ဝံ့ဖို့လိုသည်။ Celebrities များကလည်း အဝတ်အစားတွေချွတ်ပြီး အတွင်းခံတွေဖြင့် ရိုက်ပြကြတဲ့ ပြကွက်များသည်၊ “အမှားသရုပ်ပြ” သရုပ်ဖော်မှုများဖြစ်ကြသည်။ အထိန်းအကွပ်မရှိ၊ စည်းကမ်းမလိုက်နာ၊ ဘောင်ကိုကျော်ရုံမက ဘောင်ပါနင်းပြသွားသည်။ စကားဖြင့် သဘောပေါက်အောင် စည်းရုံးပြောဆို၍မရ။ လူမှုမီဒီယာတွေမှာ ကြားမိ၊ မြင်မိသည်။ အခြားတစ်နိုင်ငံက ဆယ်လီတစ်ယောက် မတော်တရော်ဝတ်ပြ၍ အပြစ်ဒဏ်ပေးခံရသည်ဟု ဖတ်ရသည်။ အားကျမိသည်။ ငါတို့နိုင်ငံလည်း ဤသို့ ဥပဒေပြဋ္ဌာန်းနိုင်လျှင် ကောင်းလေစွ၊ ပြောလေ ကဲလေ၊ မန်းလေ “ဆိုး”လေဆိုတဲ့မြန်မာ့စကားပုံကဲ့သို့ ဖြစ်ကုန်ကြပြီ။
တစ်လောကလုံးက ပြောလို့မနိုင်တော့၊ တစ်ယောက်မှအစ တစ်ရာအဆုံးဆိုသလို ကူးစက်ကုန်ပြီ။ ဗိုင်းရပ်စ် ထက်ဆိုးသည်၊ ပြင်းသည်။ နည်းနည်းဖော်နှင့် များများဖော်သာ ကွာတော့သည်။ အသပြာသည်အရှက်နှင့် သိက္ခာကို ခွာချနိုင်သည်။ တန်ဖိုးကြီးလေစွ။ ဖော်နိုင်မှ၊ ချွတ်နိုင်မှ ဆယ်လီဖြစ်မည်။ နာမည်ကျော်မည်။ ဝေဖန်တာတွေ ဂရုမစိုက်တော့၊ ထင်ရာ စိုင်းတော့သည်။
“ယဉ်ကျေးမှု၊ ယဉ်ကျေးမှု” ဟုတွင်တွင်သုံးနေကြသော်လည်း ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး ယဉ်ကျေးသိမ်မွေ့ဖို့ အင်မတန်ခက်ခဲကြသည်။ အတုမြင်အတတ်သင်တဲ့နေရာတွေ လွဲမှားနေကြသည်။ ပြောတော့ လွယ်သည်။ လိုက်နာဖို့ ခက်ကြသည်။ မြန်မာလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုဓလေ့ထုံးစံကို သွေးသားထဲက အမှန်တကယ်မြတ်နိုးဖို့ လိုသည်။ မြန်မာစိတ်ရှိမှ မြန်မာ့ယဉ်ကျေးမှုကို တန်ဖိုးထားစောင့်ရှောက်နိုင်မည်။ ပွဲတော်ကို အကြောင်းပြုလို့ ဖျော်ဖြေစရာ၊ ပျော်ရွှင်စရာများ စည်းဘောင်လွတ်ကြသည်။ စည်းနှင့်ကမ်းနှင့် ပျော်ရွှင်သူများ နည်းပါးကုန်သည်။
နှစ်ဟောင်းမှ နှစ်သစ်ကူးလို့မကောင်းတဲ့ အညစ်အကြေးတွေ ဆေးကြောကြတဲ့ မဟာသင်္ကြန်မင်္ဂလာပွဲမှာ အရက်ပွဲတော်၊ ဘီယာပွဲတော်၊ အဖော်အချွတ်ပွဲတော်များ မဖြစ်ကြဖို့ ဖိုးညိုမြ၊ မညိုမြလေးများ သတိပြုဆင်ခြင်နိုင်ကြဖို့ တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
ခင်မေခ