ဗန်ကောက် ဇွန် ၁၅

 

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန် ထိုင်းနိုင်ငံအတွင်း ချမှတ်ထားသည့် အသွားအလာကန့်သတ်မှုကို ဖြေလျှော့ပြီး ညမထွက်ရ အမိန့်ကို ဇွန် ၁၅ ရက်မှ အဆုံးသတ်မည်ဖြစ်သော်လည်း မြို့တော် ဗန်ကောက်ရှိ ညပိုင်းဖျော်ဖြေရေးနေရာများကို ခေတ္တ ပိတ်ထားမည်ဖြစ်ကြောင်း ဗန်ကောက်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဖောင်ဆာကောန်ကွန်မွာန်က ယနေ့ ပြောကြားသည်။

 

အရက်အဖျော်ယမကာဆိုင်များ၊ ကာရာအိုကေခန်းမများနှင့် အခြားသောဖျော်ဖြေရေးနေရာများသည် လူအများအပြားစုဝေး နိုင်သောနေရာများဖြစ်သလို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွား စေနိုင်သည့် နေရာများဖြစ်သောကြောင့် ဗန်ကောက်မြို့ တစ်ဝန်းရှိ အဆိုပါ ဆိုင်များနှင့် ဖျော်ဖြေရေး နေရာများကို ခေတ္တပိတ်ထား မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

ထို့အတူ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် ဗန်ကောက် မြို့ရှိ ကွန်ပျူတာဂိမ်း ကစားသည့် နေရာများ၊ အင်တာနက် ကဖေးဆိုင်များ၊ ကြက်ပွဲများ၊ ငါးပွဲများ၊ နွားပွဲများရှိသည့်နေရာများကိုလည်း လောလောဆယ် ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် နေ့ခင်းပိုင်းတွင် ဗန်ကောက်မြို့ရှိ စားသောက်ဆိုင်များထဲ၌ အရက်အဖျော်ယမကာ သောက်သုံးခွင့် ရှိသော်လည်း ညပိုင်းတွင် သောက်သုံးခွင့်ရှိမည် မဟုတ်ကြာင်း သိရသည်။

 

ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ အခြေအနေ စီမံခန့်ခွဲရေးဗဟိုဌာန က ဇွန် ၁၅ ရက်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညမထွက်ရအမိန့်ကို အဆုံးသတ်ရန် ယမန် နေ့က ဆုံးဖြတ်ခဲ့ပြီးနောက် ဗန်ကောက် အစိုးရပြောရေးဆိုခွင့်ရှိသူ ဖောင်ဆာကောန်ကွန်မွာန် အနေဖြင့် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

 

ထိုင်းအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ညမထွက်ရအမိန့်ကို ဧပြီ ၃ ရက်က ကြေညာခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ၊ဘာသာပြန် - ဂျေတီ