နန်းယွန်း   ၂၁   ဇန်နဝါရီ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်း၊ ပန်ဆောင်၊ ဒုံဟီးမြို့နယ်များတွင် ဆီမုံညှင်း ၁၈၈၁ ဧက စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း နန်းယွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့် ထံမှ သိရသည်။

 

ဆီမုံညှင်းစိုက်ပျိုးမှုအနေဖြင့် နန်းယွန်းမြို့နယ်တွင် ၈၁၀ ဧက၊ ပန်ဆောင်မြို့နယ်တွင် ၅၉၂ ဧကနှင့် ဒုံဟီးမြို့နယ်တွင် ၄၇၉ ဧက စုစုပေါင်း ၁၈၈၁ ဧက စိုက်ပျိုးလျက်ရှိပါကြောင်း၊ ဆီမုံညှင်းသည် အေးသောရာသီဥတုကို ကြိုက်နှစ်သက်သည့် သီးနှံဖြစ်သဖြင့် ဆောင်ရာသီ သီးနှံအဖြစ် စိုက်ပျိုးလေ့ရှိပါကြောင်း၊ အပင်ဖြစ်ထွန်းချိန် မိုးတစ်ကြိမ်၊ နှစ်ကြိမ်ရွာသွန်းပါက ပိုမိုဖြစ်ထွန်းလျက်ရှိပါကြောင်း၊ မြေအမျိုးအစားအနေဖြင့် ပွသောမြေ၊ သဲနှုန်းမြေ၊ နှုန်းမြေ၊ ကျောက်စရစ်မြေတို့တွင် ဖြစ်ထွန်းပါကြောင်း၊ မြေစေး၊ မြေကျစ်တို့ကို မကြိုက်ပါကြောင်း၊ လယ်ခင်းယာခင်းများတွင် ကောက်ရိုးမီးရှို့ပြီး ထယ်တစ်စပ် ထွန်ယက်ပြီးစိုက်ပျိုးနိုင်ပါကြောင်း၊ မျိုးစေ့အနေဖြင့် အရောင်အဆင်းအလိုက် အဝါမျိုးနှင့် အနက်မျိုးဟူ၍ နှစ်မျိုးရှိပြီး၊  ရာသီသီးနှံဖြစ်သဖြင့် မြေအမျိုးအစားနှင့် စိုက်ပျိုးချိန်ကွာခြားမှုအပေါ် မူတည်၍ တစ်ဧကလျှင် ၂ ပြည်မှ ၄ ပြည်အထိ မိုးအကုန်ဆောင်ဦးပေါက် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လဝက်အထိ စိုက်ပျိုးနိုင်ကြောင်း ဆက်လက်ပြောကြားသည်။

 

ဆီမုံညှင်းအနက်မျိုးသည် ၃ လခန့်မှာစတင်ရင့်မှည့်ပြီး အဝါမျိုးမှာ ၃ လမှ ၃ လခွဲခန့်တွင် ရင့်မှည့်လေ့ရှိပြီး ရိတ်သိမ်းသည့်အခါ ဆီထွက်ကောင်းစေရန်အတွက် တစ်ပင်လုံးရှိ အစေ့များကောင်းစွာ ရင့်မှည့်ခြောက်သွေ့မှသာ ရိတ်သိမ်းရပါကြောင်း၊  ဆီမုံညှင်းတစ်ဧကလျှင် ၁၅ တင်းမှ ၁၈ တင်းအထိ ထွက်ရှိနိုင်ပါကြောင်း၊ ဆီမုံညှင်းစေ့ ၁ တင်း ဆီကြိတ်ပါက စားဆီ ၄ ပိဿာခွဲမှ ၅ ပိဿာအထိထွက်ရှိပြီး ကြိတ်ဖက် ၁၀ ပိဿာအထိထွက်ရှိပါကြောင်း၊ မုံညှင်းစေ့ကြိတ်၍ ရရှိသောဆီကို စားသုံးဆီအဖြစ်အသုံး ပြုပြီးကြိတ်ဖက်ကို မြေဩဇာအဖြစ် အသုံးပြုပါက မြေအချည်ဓာတ်မြင့်မားမှုကို မျှတစေ၍ မြေကိုပွရွ စေပါကြောင်း မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်က ရှင်းလင်း ပြောကြားသည်။

မွှေးကြူဇင်