ဧပြီ ၁၈
ကိုဗစ်-၁၉ ရောဂါဘေးကို တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှစတင်၍ ဧပြီလ ၁၇ ရက်နေ့ ညပိုင်းအထိ ရောဂါကူးစက်ခံရသူ ၈၈ ဦးရှိရာတွင် ပြည်ပမှ ရောဂါကူးစက်လာသူ၊ ပြည်တွင်း၌ ထိတွေ့ခံရသူနှင့် ထိတွေ့မှုမရှိသူပါ ရောဂါဖြစ်ပွားနေပြီဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် လိုအပ်ချက်များ ပိုမိုထင်ရှားတိကျပေါ်လွင်လာပြီ ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရက မတ်လ အစောပိုင်းမှစတင်၍ အလေးထား ကိုင်တွယ်ဆောင်ရွက်ခဲ့ရာတွင် ရောဂါကာကွယ်ရေးအတွက် အဓိကအချက်ဖြစ်သည့် လက်ကိုဆပ်ပြာနှင့် ဆေးကြောခြင်း၊ နှာခေါင်းစည်းများ တပ်ခြင်း၊ လူအများနှင့် ထိတွေ့မှု မရှိအောင် နေထိုင်ခြင်းဟူသည့် အချက်သုံးချက်ကို ပြည်သူများ လိုက်နာဆောင်ရွက်ကြသော်လည်း အချို့နေရာ၊ အချို့လူများတွင် လိုအပ်ချက်များ၊ အားနည်းချက်များ ရှိခဲ့ရာ ရက်သတ္တသုံးပတ်ကျော်အတွင်း ရောဂါကူးစက်မှု များနေသည်ဟု ဆိုရမည် ဖြစ်သည်။
ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဧပြီလ ၁၆ ရက်နေ့ညတွင် အရေးယူ ဆောင်ရွက်မည့် အမိန့်ကို ထုတ်ပြန် လိုက်သည်။ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့သွားခြင်း၊ ပြန်ခြင်း၊ ခွင့်ပြုချက် ရရှိထားသော ဈေး၊ ကုန်တိုက်များတွင် ဈေးရောင်းဈေးဝယ် ပြုလုပ်ခြင်း၊ ခွင့်ပြုချက် ရရှိထားသော ကုန်စည်သယ်ယူပို့ဆောင်ခြင်း၊ တရားစီရင်ရေးဆိုင်ရာကိစ္စများ ဆောင်ရွက်ခြင်း၊ ခွင့်ပြုချက်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ အရေးပေါ်ကယ်ဆယ်ရေး နှင့် အရေးပေါ်ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့် စပ်လျဉ်း၍ ဆေးရုံ၊ ဆေးခန်းသွားရောက်ခြင်း၊ နာရေးကိစ္စ ဆောင်ရွက်ခြင်းများမှအပ လူငါးဦးနှင့်အထက်ပို၍ စုဝေးခြင်း မပြုရအမိန့်ကို ထုတ်ပြန်လိုက်သည်။
အဆိုပါအမိန့်သည် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းကို တားဆီးထိန်းချုပ်နိုင်ရေး ဆောင်ရွက်သည့် အမိန့်ဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့က ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များကို နိုင်ငံအတွင်းရှိ ပြည်သူအားလုံး လိုက်နာရန် လိုအပ်ပြီး လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေးဥပဒေအရ အရေးယူခံရနိုင်သည်ကို သတိချပ်ရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူခြင်းနှင့် စတင်လိုက်ပြီဖြစ်သည်။ ပြည်သူအားလုံး ရောဂါကင်းဝေးရေးအတွက် တစ်ပြေးညီ မှန်ကန် မျှတသည့် ဥပဒေဖြစ်သည်။ အမိန့်နှင့်ညွှန်ကြားချက်များကို ရပ်ရွာများတွင် တစ်နေ့လျှင် ငါးကြိမ် သတိပေး၊ အသိပေးမည်ဖြစ်ပြီး အသိပေးချက်များကို ပြည်သူများအနေဖြင့် သေချာစွာမှတ်သားလိုက်နာကြရမည် ဖြစ်သည်။
ပြည်ပမှလာရောက်သူများ၊ ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ် ထိတွေ့သူများထံမှ အခြားသူများသို့ ရောဂါကူးစက်မှု မရှိစေရေးအတွက် လက်ရှိတွင် ကန့်သတ်မှု ၂၁ ရက်ထားရှိပြီးပါက မိမိနေအိမ်သို့ ပြန်လည် သွားရောက်မည့်သူများအတွက် နောက်ထပ် ၇ ရက် နေအိမ်တွင် သီးခြား နေထိုင်ရန် အကြံပြု တိုက်တွန်းချက်များ ထုတ်ပြန်ထားပြီးဖြစ်သည်။ ဒေသတွင်း နိုင်ငံအချို့၌ သတ်မှတ်နေရာတွင် နေထိုင်ရမည့်ကာလနှင့် စုစုပေါင်း ၂၈ ရက် သတ်မှတ်ထားကြောင်း တွေ့ရှိရပြီး သတ်မှတ်ကာလကို တိတိကျကျ နှင့် စနစ်တကျလိုက်နာသဖြင့် ရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်ကြောင်း လေ့လာတွေ့ရှိရသည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့က ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များကို နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအားလုံး တိတိကျကျ လေးစားလိုက်နာခြင်းဖြင့် ရောဂါဘေးမှကင်းဝေးကာ အချိန်တိုကာလအတွင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ နေထိုင်နိုင်မည် ဖြစ်ပါသည်။
ကြေးမုံ