နန်းယွန်း အောက်တိုဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆) လ ဘတ်ဂျက်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ဖြင့် နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာတွင် ထပ်မံတိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နန်းယွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း ၁၀၀၊ ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် တဂပ်၊ ချန်ဖန်း၊ ဟာဝါး၊ ယောင်ငွေး၊ ဖာကျက်ကျေးရွာ ငါးရွာတို့အား စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်ပြီးဖြစ်ပါကြောင်း နန်းယွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရာဌေးက ပြောပြ၍ သိရသည်။
နန်းယွန်းမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ကို ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်မှစတင်၍ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အထိ ကျေးရွာစုစုပေါင်း (၃၉) ရွာတွင် ကျေးရွာ၏ လိုအပ်ချက်များဖြစ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၃၉) ခုကို ပြည်သူလူထု၏ သဘောဆန္ဒဖြင့် ရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် (၆) လဘတ်ဂျက်တွင် အဆိုပါစီမံကိန်းဖြင့် တဂပ်၊ ချန်ဖန်း၊ ဟာဝါး၊ ယောင်ငွေး၊ ဖာကျက်ကျေးရွာငါးရွာတို့အား ထပ်မံတိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်


