နန်းယွန်း  ၁၇  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်အတွင်း မိုးသီးနှံအဖြစ် စိုက်ပျိုးထားသော ပြောင်းစိုက်ခင်းများတွင် ဖောငမြှောင်တောင်ပိုးများ ကျရောက်သဖြင့် နှိမ်နှင်းရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း နန်းယွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးထံမှ သိရသည်။

 

 “ ဒီဒေသမှာ ပြောင်းစိုက်ပျိုးရေးကို လွန်ခဲ့တဲ့ (၂)လလောက်က စိုက်ခဲ့တာဖြစ်တယ်၊ လမ်းပန်း ဆက်သွယ် ရေးခက်ခဲတဲ့အတွက်  ပိုးကျတယ်ဆိုတာကို ပြီးခဲ့တဲ့ (၅)ရက်လောက်ကမှ စသိရတာ ဖြစ်တဲ့အတွက် ရောဂါနှိမ်နင်းတာတွေကို အမြန်ဆုံးလုပ်ဆောင်နေတာဖြစ်တယ်၊ ပိုးကျတဲ့နေရာတွေက တောင်သူတွေကို ပိုးသတ်ဆေးဖျန်းတဲ့ပုံးတွေ၊ ဓာတုပိုးသတ်ဆေးတွေ ပေးပြီးဖျန်းခိုင်းတယ်၊ ရိုးရာ ပိုးသတ်နည်းတွေနဲ့လည်း နှိမ်နင်းနေတာတွေလည်း လုပ်ဆောင်နေတယ်၊ ပြီးခဲ့တဲ့နှစ်ကလည်း အခုလို ပိုးကျတာရှိခဲ့တယ် ” ဟု နန်းယွန်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးက ပြောသည်။

 

နန်းယွန်းမြို့နယ်အတွင်း၌ ပြောင်းသီးနှံကိုဒေသမျိုး၊ ရေးဆင်းမျိုးနှင့် ဧကရီမျိုးများကို ဧက (၂၀၀၀) ကျော် စိုက်ပျိုးထားကြောင်း ၎င်းမြို့နယ်အတွင်း စားသုံးရန်အတွက် အဓိကစိုက်ပျိုးသည့် သီးနှံတစ်မျိုး ဖြစ်ကြောင်းနှင့် ပြောင်းခင်းများတွင် ဖောငမြှောင်တောင်ပိုးကျရောက်မှုကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများပူးပေါင်းကာ ဓာတုပိုးသတ်ဆေးဖျန်းခြင်း၊ အပင်များ အတွင်းမှ ပိုးကောင်များကိုလက်ဖြင့် ကောက်ယူခြင်း၊ ပြာမှုန့်၊ ဖုန်မှုန့်များထည့်ကာ ရေဖျန်းနှိမ်နှင်းခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)