နန်းယွန်း ၇ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု ခေတ္တရဲမှူး မင်းမင်းနိုင်က လူကုန်ကူးမှု စတင်ပေါ်ပေါက်လာပုံ၊ လူကုန်ကူးသူများ၏ ကျေးလက်ဒေသများအထိ ကလေးငယ်များနှင့် အမျိုးသမီးများ စုဆောင်းနေမှုများနှင့် ကြိုတင်သတိပြု ရှောင်ရှားရမည့် နည်းလမ်းများကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ယင်းနောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးအောင်ဇော်လင်းက ပြည်ပသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်သူနှင့် မှောင်ခိုသွားရောက် အလုပ်လုပ်ကိုင်သူတို့၏ ခြားနားချက်များနှင့် တရားဝင်သွားရောက် လုပ်ကိုင်လိုပါက မဖြစ်အနေရှိရမည့် အချက်အလက်များကို အသိပညာပေး ဆွေးနွေးပြီး ဌာနဆိုင်ရာမှ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် လူငယ်များ သိရှိသင့်သည်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးဝင်း ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ဆရာမများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)


