ညံရိုးမီးဖုန်းပူဇော်မှုနှင့် ထမနဲပွဲတော်

မာန်သစ်ငြိမ်း
(ရှေးဟောင်းသုတေသန)

ယဉ်ကျေးမှုဆိုသည်မှာ အတိတ်မှအမွေအနှစ်၊ ပစ္စုပ္ပန်၏ အထိန်းအကွပ်၊ အနာဂတ်အတွက် အင်အားဟူ၍ ဆိုရိုးစကားရှိပေသည်။ ယဉ်ကျေးမှုကိစ္စအဝဝကို ထူထောင်နိုင်ရန်အတွက် မြန်မာ့ရိုးရာပွဲတော်များနှင့် ဓလေ့ထုံးတမ်းများသည်လည်း တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်လျက်ရှိကြသည်။ ရှေးမြန်မာမင်းများလက်ထက် က ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် တင့်တယ်ဝင့်ကြွားစွာနေထိုင်ခဲ့ကြသည်နှင့်အညီ မြန်မာ့ရိုးရာပွဲတော်များနှင့် ဓလေ့ထုံးတမ်းများကိုလည်း ဆယ့်နှစ် လရာသီပွဲတော်အလိုက် ပြုလုပ်ကျင်းပခဲ့ကြသည်။ 

နှင်းရည်စိုရွှဲ   တပို့တွဲလသည်    မြန်မာလ တစ်ဆယ့်နှစ်လတွင်   တစ်ဆယ့်တစ်လမြောက် ဖြစ်သော ကုံရာသီကာလပင်ဖြစ်ပေသည်။ တပို့တွဲ လကို ပုဂံခေတ်၌  ‘တပိုတွယ်၊ တပိုအတွယ်’ဟု ရေးသားခဲ့ကြသည်။ မြန်မာအဘိဓာန်တွင် တပို့တွဲ လကို ‘ထန်းဖူးထန်းခိုင်တို့ အောက်သို့ကိုင်းညွတ် အောင် ပြုလုပ်သည့်လ၊ ထန်းရည်နင်းလ၊ မြန်မာ့ တစ်ဆယ့်နှစ်လတွင်   တစ်ဆယ့်တစ်လမြောက် သောလ၊ ကုံရာသီ’ ဟုဆိုထားသည်။ ထန်းပို့များ တွဲကျနေသောလဖြစ်၍  ‘ထန်းပို့တွဲ’ မှ ‘တပို့တွဲ’ဟု ကာလရွေ့လျောလာခြင်းဖြစ်သည်ဟု ဆိုပေသည်။

တပို့တွဲလ၏ ရာသီအမည်မှာ ပါဠိတွင် ‘ကုမ္ဘ’၊ မြန်မာအားဖြင့်  ‘ကုံ’၊  ရာသီရုပ်မှာ   ‘ရေအိုးထမ်း ယောက်ျား’ဖြစ်သည်။  ရာသီပန်းမှာ    ပေါက်ပွင့်၊ လက်ပံပွင့်ဖြစ်သည်။  တပို့တွဲလနှင့်ပတ်သက်၍ စာဆိုတော်များက  ‘တပို့တွဲလ၊   ပေါက်လဲရယ်   ငုံစီစီ၊   ဖူးတန်ကချီ၊   သည်ရာသီ    ဘာဟီက  အိုအပေါင်း၊   ပျိုတို့မောင်   ရွှေယောင်တွဲငယ်နှင့်    လွဲပေါ့သည်ဆောင်း’ဟူ၍ ရာသီအလှနှင့် အလွမ်း ဓာတ်ရှိသောသူမယ်က  အနွေးကို  တမ်းတနေစဉ်   လွဲရပြန်၍ လှလှပပဖွဲ့ဆိုထားပေသည်။ မယ်ခွေ၏ တပို့တွဲလဧချင်းတွင်‘ ခြိုးဥမှတိမ်စုံလေ၊ သတ္တဗီသျှ၊ နက္ခတ္တနှင့်၊ ယှဉ်ကြမလွဲ၊ တပို့တွဲ၌၊ ပေါက်လဲငုံကင်း၊ ထန်းရည်ငယ် နင်းကြသည်၊ နှင်းထုံထုံငယ်နှင့်လေ’ ဟူ၍လည်းကောင်း၊    ဦးကြင်ဥ၏   ရာသီဘွဲ့ ညည်းချင်း   တပို့တွဲလဘွဲ့တွင်    ‘ထန်းရည်နင်း၊ ပေါက်ကင်းတဲ့လဲငုံ၊  ဆက်ရက်ကယ်သာကာနှင့်၊ ရော်ရွက်ဝါတမာနု၊  လွမ်းသူ့ပူပုံ၊   စရိုက်ကယ်လှုံ၊ ပင်မြုံမြင့်သိုက်နန်း၊ ထွက်စီးငယ်ဝှန်၊ ကျောက်စက် ကယ်  ရေတံခွန်နှင့်   ဟေမဝန်သာယာနုပါဘိ၊ ယွန်းလုနွေဆန်း’ ဟူ၍ ရေးစပ်ဖွဲ့သီခဲ့ပေသည်။

ရာသီပွဲတော်များ

တပို့တွဲလ၏   ရာသီပွဲတော်များမှာ    မီးဖုန်း ပွဲတော်နှင့် ထမနဲပွဲတော်တို့ ဖြစ်ကြသည်။ တပို့တွဲ လပြည့်ကျော် ၁၁ ရက်မှ တပေါင်းလဆန်း ၄ ရက် နေ့အထိ ရှစ်ညသည်  ဆောင်းရာသီ၏အအေးဆုံး ညများအဖြစ်  သတ်မှတ်ထားသည်။  ရှေးအတိတ် သမိုင်းကြောင်းကို     ပြန်လည်ကြည့်ပါကလည်း သရေခေတ္တရာပြည့်ရှင်    ဒွတ္တပေါင်မင်းကြီးသည် ရွှေဆံတော်စေတီတော်မြတ်ကြီးကို   စတင်အုတ် မြစ်ခင်းတော်မူသောနေ့ဖြစ်သည့် အချိန်မှစတင်၍ မြသိတင်  (ခေါ်) ရွှေဆံတော်စေတီမြတ်ကြီးတွင် နှစ်စဉ်နှစ်တိုင်း  တပို့တွဲလပြည့်နေ့တွင်    အရုဏ် ထမနဲဆွမ်းတော်ကပ်လှူပွဲ၊  ညံရိုးမီးနှင့် နံ့သာမီး ပူဇော်ပွဲကို စဉ်ဆက်မပြတ်ကျင်းပမြဲဖြစ်ကြောင်း လေ့လာသိရှိရပေသည်။     ကောက်သစ်ထမနဲ ဆွမ်းတော်ကပ်လှူရခြင်းဖြင့်    တိုင်းပြည်တစ်ခွင် ဝယ်  ဆန်ရေစပါး၊ ကောက်ပဲသီးနှံပေါကြွယ်ဝပြီး ရဟန်းရှင်လူပြည်သူတို့ စားနပ်ရိက္ခာ ဖူလုံစေလို သည့်စေတနာဖြင့်လည်းကောင်း၊ ညံရိုးနှင့် အမွှေး နံ့သာများ မီးပူဇော်ရခြင်းဖြင့် ဗုဒ္ဓသာသနာတော် သည် မီးလျှံရောင်ပမာ အရောင်အဝါထွန်းလင်း တောက်ပရန် ရည်သန်လျက် ဆောင်ရွက်လှူဒါန်းခဲ့ ခြင်းဖြစ်သည်ဟု လေ့လာတွေ့ရှိရပေသည်။

ထမနဲပွဲကို   အစောဆုံးတွေ့ရသောခေတ်ကား ညောင်ရမ်း၊          ဒုတိယအင်းဝခေတ်နောက်ပိုင်း ဖြစ်သည်။  ဒုတိယအင်းဝခေတ်   တနင်္ဂနွေမင်း လက်ထက်၌   ထင်ရှားသည့်  စာဆိုတော်တစ်ဦး ဖြစ်သော ဆီသည်ရွာစား ဦးအောင်ကြီး၏ တပို့တွဲ လဘွဲ့ လူးတားတွင် ‘ရပ်ရှစ်မျက်နှာ၊   သံဃာတို့ အား၊  ဆယ်ပါးဝတ္ထု၊  ယာဂုအဖျော်၊  ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊      မီးပုံးသဘင်၊    သူကြီးယင်သည်၊ ရောက်ချင်နိဗ္ဗာန်ကျွန်းတဲ့လေး’ဟု ဖွဲ့ဆိုထားသည်။ ဒုတိယအင်းဝခေတ်နောက်ပိုင်းတွင် ထမနဲပွဲကို မီးပုံး ပွဲနှင့်အတူ တပို့တွဲလ၏ရာသီပွဲအဖြစ် တွဲဖက်ကျင်းပ နေပြီဖြစ်ကြောင်း သိရသည်။

ယာဂုနှင့် ထမနဲ အခေါ်သာကွဲ

ထမနဲသည်  ကောက်ညှင်းကို   နှမ်း၊   နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ချင်း(ဂျင်း)စသည်တို့ဖြင့် စီမံပြုလုပ် ထားသော မြန်မာတို့၏  ချိုဆိမ့်အီမွှေးသည့် အစား အစာတစ်မျိုးဖြစ်သည်။    ကောက်ညှင်းထမင်းကို ထပ်ပြန်တလဲလဲ ကော်များ၊ ပတ်စာများပြုလုပ်သော အခါ  ဘိသည့်အလား နှဲရသောကြောင့် ထမင်းနဲဟု မှည့်ခေါ်ထားခြင်းဖြစ်ပေသည်။    ယခုခေတ်တွင် စကားပြောသံအတိုင်း ထမနဲဟုပင် ရေးသားကြသည်။ နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသည်ကို အကြောင်းပြု၍ နှမ်းမနဲဟုလည်း     အမည်တစ်မျိုးတွင်သေးသည်။ အချို့အရပ်ဒေသများ၌  ထမနဲကို   ယာဂုဟုလည်း ခေါ်ဝေါ်ကြပေသည်။ ထို့ကြောင့်   ဦးပုည၏   လှေ အလှူခံမေတ္တာစာ၌ ‘ယာဂုထမင်းနဲ၊ အိုးကြီးကွဲကာမှ၊ စွန့်ကြဲသည့် ဒါနလည်း နိပ္ပလ မဆိုသာ’ဟု ယာဂုနှင့် ထမင်းနဲကို  သဘောအတူတူဖွဲ့ဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာစကားပုံ၌လည်း  ယာဂုနှင့် ထမနဲ  အခေါ်သာ ကွဲသည်ဟု ဆိုထုံးပြုထားသည်ကို တွေ့ရပေသည်။

‘အစာလည်းဆေး၊ ဆေးလည်းအစာ’ ဆိုသကဲ့ သို့ ထိုအေးမြသော ဟေမန္တဥတု၊ သိသီရရတုမျိုးတွင် ထမနဲသည်    ဆေးဖက်ဝင်သောအစာဖြစ်သည်ဟု ရှေးမြန်မာဆေးပညာရှင်ကြီးတို့က ယူဆခဲ့ကြသည်။ ထမနဲသည်   ဆီနိုင်၍    အပူစာများများပါဝင်သော အစာဖြစ်သည်။   တပို့တွဲလကား   အလွန်အေးမြ၍ အဆီခြောက်ခန်းချိန်ဖြစ်သည်။ ဤလတွင် ဆီနိုင် သော အပူစာထမနဲကို သုံးဆောင်ပါက အသားအရေ စိုပြည်၍  အပူဓာတ်ရလာနိုင်သည်ဟု   ဆိုပေသည်။ မဟာနရီကွန်ချာဆေးကျမ်း၌လည်း ပထဝီပျက်သူ များ ထမနဲစားသင့်သည်ဟု လာရှိပေသည်။ 

မီးဖုန်းပွဲဟူသည်မှာ

တပို့တွဲအကုန် တပေါင်းလအကူး ကြားရှစ်ရက် သည်  အလွန်အမင်း ချမ်းအေးလွန်းလှသောကြောင့် ထိုရက်များအတွင်း ရဟန်းတို့အား ဘုရားရှင်က မီးလှုံခွင့်ပြုသည့်အပြင်       ဘုရားရှင်ကိုယ်တော်တိုင် ဓာတ်ကြီးလေးပါး မျှတစေခြင်းငှာ လက်တော်အား မီးလှုံတော်မူသည်ဟုဆိုပေသည်။ ထိုအချက်ကို အစွဲ ပြု၍ တပို့တွဲလတွင် မီးဖုန်းပွဲကို ဆင်ယင်ကျင်းပခဲ့ကြ ပေသည်။  ဖုန်းဆိုသည်မှာ   ‘ပုည’   ဟူသောပုဒ်မှ ဆင်းသက်လာပြီး ‘ကုသိုလ်၊ အလှူ’ဟု အဓိပ္ပာယ်ရ သည်။ ထို့ကြောင့် မီးဖုန်းပွဲဟူသည်မှာ မီးအလှူ၊   မီး ကုသိုလ်ပွဲဖြစ်ပေသည်။ ဘုရားရှင်အား မီးအပူဓာတ် ကို လှူဒါန်းပူဇော်ကြခြင်းဖြစ်ပေသည်။
မီးဖုန်းပွဲကို   ရေးသားပုံအမျိုးမျိုးတွင်   ပုဂံ၊ ပင်းယ၊ အင်းဝခေတ်တို့တွင် မီးဖုန်းပွဲတော်ဟု အစဉ် တစိုက်ရေးသားလာခဲ့သော်လည်း နှောင်းပိုင်းခေတ် များတွင်မူ  မီးဖုန်း၊ မီးပုန်း၊ မီးပုံး၊ မီးပုံဟု အမျိုးမျိုး ပြောင်းလဲရေးသားလာကြသည်ကို တွေ့ရပေသည်။ မီးပုံးလှူဒါန်းကြခြင်းမှာ တပို့တွဲလပြည့်နေ့တွင် ဖြစ် ပါသည်။ တပို့တွဲလပြည့်နေ့ ညဉ့်နှစ်ချက်တီးကျော် (လပြည့်ကျော် ၁ ရက်အဝင်)တွင် မြတ်စွာဘုရားရှင် အား အချမ်းသက်သာစေရန် အရှင်အာနန္ဒာက ဒုကုဋ် တော်ကို တင်လွှမ်းပေးခြင်းကို ကျမ်းဂန်တို့၌ တွေ့ရ ပေသည်။ ထို့ကြောင့် နံ့သာထင်းများဖြင့်  ဘုရားကို ရည်စူး၍ လှူဒါန်းရခြင်းဖြစ်သည်။ 

စိမ့်မြေများတွင် အများဆုံးပေါက်ရောက်

ပြည်မြို့ဘိုးဘွားများ၏    ညံရိုးမီးပူဇော်ပွဲ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို    မပျက်အောင် ပြည်သူပြည်သားများက ဆက်လက်ထိန်းသိမ်းခဲ့ ကြသည်။ မြန်မာနိုင်ငံရှိ အခြားအခြားသော စေတီ ပုထိုးများထက်  ထူးထူးခြားခြားလှူဒါန်းပူဇော်ပွဲ တစ်ရပ်အဖြစ် လှူဒါန်းပူဇော်လာခဲ့သည်မှာ ယနေ့ တိုင်ပြုလုပ်ကျင်းပမြဲဖြစ်သည်။ ညံပင်သည် ရုက္ခ ဗေဒအလိုအားဖြင့် လီဂူးမီးနိုးစီအီးမျိုးရင်း ပက်ပီ လီအိုနေတီးအုပ်စုတွင်ပါဝင်ပြီး    သိပ္ပံအမည်မှာ ဆက်စမေးနီးယား  အကျူလီအေးတားဟု   ခေါ် သည်။ ညံပင်သည် ဆူးရှိသော သစ်နုပင်လတ်မျိုး ဖြစ်သည်။   ဆောင်းရာသီတွင်    အကိုင်းစွန်း ခြောက်သွေ့တတ်သော       ညံချုံပုတ်မျိုးလည်း ရှိသည်။   ညံပင်သည်   စိမ့်မြေများတွင်   အများဆုံး ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် ညံပွင့်နှင့် ညံရွက်ကို   ငါးပိရေနှင့်တို့စရာအဖြစ်    စားသုံး၍ ပင်စည်ကို မီးပူဇော်ရာတွင်လည်းကောင်း၊ မီးပုံးပျံ တို့တွင်    မီးစာအဖြစ်လည်းကောင်း    အသုံးပြု ကြောင်း လေ့လာတွေ့ရှိရပေသည်။
ညံရိုးဟူသည်မှာ ညံပင်၏ ပင်စည်ဖြစ်သည်။ ညံရိုးပင်စည်သည် ကြံချောင်းအရွယ်ပမာဏရှိပြီး ၎င်းညံပင်ကိုခုတ်၍   ပင်စည်မှ   အခေါက်ပါးပါး လေးကို  လျှော်ခွာသကဲ့သို့ ခွာလိုက်ပါက ဖော့ရိုး များနှင့်    ခပ်ဆင်ဆင်တူသည့်  အဖြူရောင်ညံရိုး ချောင်းများရရှိသည်။ အနှစ်မရှိသော အပွသားများ သာဖြစ်သဖြင့် အလွန်ပေါ့ပါးလှသည်။ ‘ပတ္တမြား ရောင်  ဖားကဖောင်    သံလွင်လွင်နှင့်   ရွှေညံပင် ရှုပ်မရှင်းတယ် ကွင်းပြည့်မခန်း’ဟူသည့် လင်္ကာနှင့် အညီပင် ပြည်မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ ဝန်းကျင်တွင် အများအပြားပေါက်ရောက်ကြောင်း တွေ့နိုင်ပေသည်။ ဒေသ၏ ယုံကြည်ချက်မှာ ညံပင် ဖြင့် မီးပူဇော်ခြင်းသည် ဉာဏ်ပညာကောင်းမွန်ပြီး မြတ်စွာဘုရားအား ချမ်းအေးလွန်းသော အအေး ဒဏ်မှ ကာကွယ်ပေးနိုင်ရန်ဟုရည်ရွယ်၍ လှူဒါန်း ကြခြင်းဖြစ်ပေသည်။ 

 ပြည်မြို့ဝန်းကျင်ရှိ ကျေးရွာများသည် နှစ်စဉ် နှစ်တိုင်း တပို့တွဲလဆန်း ၁၃ ရက်နေ့၊ ၁၄ ရက်နေ့ တို့တွင် အသင့် ကြိုတင်ခုတ်လုပ်စုဆောင်းထား သည့် အဖြူရောင်ညံရိုးချောင်းများကို ပြည်မြို့ပေါ် ရှိ ဈေးအသီးသီး၌လည်းကောင်း၊ညနေပိုင်းတွင် ရွှေဆံတော်စေတီတော်၏ မြောက် ဘက်စောင်းတန်းမုခ်ဦးရှိ      ဗိုလ်ချုပ်လမ်းမ တစ်လျှောက်တွင်လည်းကောင်း၊ ရွှေဆံတော်ဘုရား ဓာတ်လှေကားရှေ့  ဈေးတန်းတွင်လည်းကောင်း ခင်းကျင်းပြီး ညံရိုးချောင်းများနှင့်တကွ  နံ့သာဖြူ၊ သနပ်ခါး၊ နံ့သာနီ၊ ကရမက်၊ စန္ဒကူး၊ တောင်တန် ကတိုး စသည့်အမွှေးနံ့သာတုံးများကို အစည်းငယ် များစုစည်းကာ ရောင်းချကြသည်။
တပို့တွဲလပြည့်နေ့    အရုဏ်ဦးအချိန်တွင် ပြည်မြို့ ရပ်ကွက်ပေါင်းစုံမှ ပြည်သူအများ၊ အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ရွာသူရွာသားများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များသည် ထမနဲဆွမ်းတော်ပွဲကို     ရွက်၍လည်းကောင်း၊  အမွှေးနံ့သာတုံးနှင့်   ညံရိုးများကို    ထမ်း၍လည်း ကောင်း     ရွှေဆံတော်ဘုရားရင်ပြင်တော်ပေါ်သို့ စောင်းတန်းအသွယ်သွယ်မှ      အစုအဖွဲ့အလိုက် မမောနိုင်မပန်းနိုင်  အပြိုင်အဆိုင်   အရုဏ်ဦးအမီ အမြန်တက်ရောက်ဖူးမြော်ကြသည်။      တစ်နှစ်တွင် တစ်လ  တစ်လတွင်တစ်ရက်   ပူဇော်ခွင့်ရသည့် ညံရိုးပူဇော်ပွဲကို မဖြစ်မနေပါဝင်ဆင်နွှဲကြပေသည်။  ဘုရားဖူးပြည်သူများသည် ထမနဲဆွမ်းကပ်လှူပြီး ပါက ရွှေဆံတော်ဂေါပကအဖွဲ့မှ   စီမံဆောင်ရွက် ပေးထားသည့်    ယာယီမီးဖိုကြီးတွင်     ညံရိုးများ၊ အမွှေး နံ့သာတုံးများကို             ထည့်သွင်းပူဇော်လေ့ရှိကြ သည်။

ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီ တော်မြတ်ကြီးတွင် တပို့တွဲလဆန်း ၁၄ ရက်နေ့မှ စ၍  တပို့တွဲလပြည့်နေ့အထိ   အရုဏ်ဦးအချိန်၌ ကောက်သစ်ဆွမ်းကပ်လှူပူဇော်ပွဲအတွက်  ထမနဲ ဆွမ်းကပ်လှူပွဲနှင့်   ညံရိုးမီးပူဇော်ပွဲကို     နှစ်စဉ် နှစ်တိုင်းကျင်းပခဲ့သည်မှာ   ယနေ့အထိ   နှစ်ပေါင်း ၁၀၀ ကျော်ခန့်ပင်ရှိပြီဖြစ်ပေသည်။ 

မျိုးဆက်သစ်လူငယ်များက   ဆက်လက်ထိန်းသိမ်း

ယနေ့ကမ္ဘာပေါ်တွင် ကမ္ဘာလုံးဆိုင်ရာ  ကူးလူး ဆက်နွှယ်မှုအရ   ယဉ်ကျေးမှုများ  ရောယှက်လာ သည်ကို  မီဒီယာများတွင် တွေ့ရှိလေ့လာနိုင်သည့် အပြင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုပွဲတော်များတွင် မြန်မာမှု၊   မြန်မာ့ဟန်များ   မပျောက်ပျက်အောင် မျိုးဆက်သစ်လူငယ်များက   ဆက်လက်ထိန်းသိမ်း သွားရန် လိုအပ်လှပေသည်။ မြန်မာ့ဓလေ့ထုံးစံများ ပျောက်ပျက်မသွားစေဘဲ      အရှည်တည်တံ့၍ နောင်လာနောက်သားများ ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများနှင့်   ဓလေ့ထုံးစံများကို   ချစ်မြတ်နိုး၍ အစဉ်တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်အတွက် လေးဆူဓာတ်ပျော်ရွှေဆံတော်၏ ညံရိုးမီးဖုန်းပူဇော် မှုနှင့် ထမနဲပွဲတော်ကို အစဉ်လာမပြတ်ကျင်းပကြ ကြောင်းကို ကြည်ညိုသဒ္ဓါပွားနိုင်စေရန် ရေးသား ဖော်ပြလိုက်ရပါသည်။    ။

ကိုးကား-
မြန်မာ့စွယ်စုံကျမ်းအတွဲ(၄)
ပြည်ရွှေဆံတော်သမိုင်းသစ်  -  ဦးကျော်ဒင်ဟန်
ပြည်ရွှေဆံတော်ဓမ္မစာစောင်၊ ၂၀၁၀။
မြန်မာ့ရိုးရာ        ဆယ့်နှစ်လရာသီပွဲတော်-
မြတ်မင်းလှိုင်