မကွေး သြဂုတ် ၇
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာရှိ ဦးထွန်းထွန်းလွင် ပိုင်ဆိုင်သော CP အသားတိုး ကြက်မွေးမြူရေးခြံသို့ ရောက်ရှိခဲ့ရာ တာဝန်ရှိသူမှ ကြက်မွေးမြူရေးလုပ်ငန်းကို လွန်ခဲ့သော (၁၀) နှစ်ခန့်ကတည်းက CP ကုမ္ပဏီနှင့် အကျိုးတူ မွေးမြူဆောင်ရွက်ခဲ့ကြောင်း၊ ကြက် (၁) ယူနစ်လျှင် အကောင် (၃၀၀၀) ရှိပြီး၊ (၄၅) ရက်ခန့် မွေးမြူပြီးပါက (၁) ပိဿာခွဲခန့် အရွယ်ရရှိကာ ဈေးကွက်အတွင်းသို့ ဖြန့်ခွဲရောင်းချပါကြောင်း၊ တစ်ယူနစ်မွေးမြူလျှင် အကျိုးအမြတ်အနေဖြင့် သိန်း (၂၀) ဝန်းကျင်ခန့် ရရှိကြောင်း၊ မွေးမြူသူများအနေဖြင့် နေရာ၊ ကြက်ခြံနှင့် လုပ်အားခသာ စိုက်ထည့်ရသည့်အတွက် အကျိုးအမြတ်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့မှုအပေါ် လိုအပ်သည်များ မှာကြားကာ မွေးမြူရေးခြံအတွင်း အသားတိုးကြက် မွေးမြူထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုမှတစ်ဆင့် ဦးခင်မောင်ထွေး၏ ဟင်းသီးဟင်းရွက် စိုက်ခင်းသို့ ရောက်ရှိကာ ရာသီသီးနှံ ရုံးမတီသီး၊ ခဝဲသီး၊ ပဲသီး၊ ဘူးသီး၊ ဘူးရွက်၊ ကညွတ်ပင်များ စိုက်ပျိုးထားရှိမှု အခြေအနေ၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု အခြေအနေ ဝင်ငွေရရှိမှုများနှင့် တစ်ဖက်ရပ်ဆည်မှ ရေယိုစိမ့်နေသဖြင့် ပြင်ဆင်ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြခဲ့မှုအပေါ် သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မင်းဘူးမြို့၊ ဦဩဘာသာခန်းသို့ ရောက်ရှိပြီး အုပ်စုလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှု၍ ဆေးထိုးလာပြည်သူများအား ရင်းနှီးစွာ နှုတ်ဆက်အားပေးကာ အုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံပေးရမည့်သူများ ကျန်ရှိမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ပေးကြရန် မှာကြားဆောင်ရွက်ခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲသည် ဆက်လက်ထွက်ခွာလာရာ မင်းဘူး (စကု) မြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာရှိ သိမ်ကုန်းရှေ့တန်းစခန်းသို့ ရောက်ရှိပြီး စပါးစိုက်တောင်သူများ၊ ဆန်ရောင်းဝယ်သူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဝင်းက လက်ရှိရာသီဥတု ကောင်းမွန်နေသဖြင့် ယခင်နှစ်ထက် မလျှော့ကျစေဘဲ စိုက်ဧကအထွက်နှုန်း ကောင်းမွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ မင်းဘူးမြို့နယ်အနေဖြင့် ဆန်ဈေးနှုန်း တည်ငြိမ်ရန် ဆက်လက်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်းနှင့် လယ်ယာကဏ္ဍသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တောင်သူများမှ စိုက်ပျိုးသီးနှံများ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးရန် တင်ပြခဲ့မှုများအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)


